တနင်္သာရီက ပျို့အိုင်ရွာသားတစ်ဦး မိုင်းနင်းမိပြီး‌ ခြေကျင်းဝတ်ပြတ်တောက်

တနင်္သာရီက ပျို့အိုင်ရွာသားတစ်ဦး မိုင်းနင်းမိပြီး‌ ခြေကျင်းဝတ်ပြတ်တောက်

ဆီအုန်းတောခြံထဲမှာ မိုင်းနင်းမိလို့ တနင်္သာရီမြို့နယ်ထဲရှိ ပျို့အိုင်ရွာက ဒေသခံအမျိုးသားတစ်ဦး ခြေကျင်းဝတ်ပြတ်တောက်ဒဏ်ရာရခဲ့တယ်လို့ KTLA-TCJF ရဲ့ပြန်ကြားရေး တာဝန်ခံ ကိုစိုင်းညီဆီက ပြောပါတယ်။

မိုင်းနင်းမိသူဟာ အသက် ၃၆ နှစ်အရွယ် ကိုမင်းဦးဖြစ်ပြီး ပြီးခဲ့တဲ့လ ၃၁ ရက်နေ့ ညနေ ၃ နာရီ‌လောက်မှာ အလုပ်ကအပြန်မှာ သူငယ်ချင်းဖြစ်သူထံဝင်လည်ရင်း ရေဖြူရွာက ဆီအုန်းတောခြံတစ်ခြံထဲမှာ မိုင်းနင်းမိခဲ့တာလို့ သိရပါတယ်။

“ အဲဒီနေရာက စစ်ကောင်စီတပ်သားတွေ လမ်းသွားလမ်းလာတွေကို မကြာခဏစစ်ဆေးလေ့ရှိပြီး မကြာခဏကင်းပုန်းဝပ်တဲ့နေရာဖြစ်တယ်။” လို့ KTLA-TCJF ရဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ဒေသတွင်းတော်လှန်ရေးအင်အားစုတွေအနေနဲ့ အဲနေရာထိ သွားလာလှုပ်ရှားတာမျိုး လုံးဝမရှိဘူးလို့လည်း ကိုစိုင်းညီက ဆက်ပြောပါတယ်။

အဲဒီမိုင်းဟာ ဘယ်အဖွဲ့အစည်းကထောင်ထားတယ်ဆိုတာကိုတော့ မသိရသေးပါတယ်။

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ကပစ်တဲ့လက်နက်ကြီးကြောင့် အရပ်သားထိခိုက်ဒဏ်ရာရတဲ့ဖြစ်စဥ်တွေရှိခဲ့ပေမဲ့ မိုင်းနင်းမိပြီး အရပ်သား ဒဏ်ရာရတဲ့ဖြစ်စဥ်ကတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

The Tanintharyi Times