ငွေစက္ကူပေါ်က ဗြိတိန်ဘုရင်မရဲ့ ရုပ်ပုံ ဩစတြေးလျား ဖယ်ရှားမယ်

ငွေစက္ကူပေါ်က ဗြိတိန်ဘုရင်မရဲ့ ရုပ်ပုံ ဩစတြေးလျား ဖယ်ရှားမယ်

ကိုးကား - ဘန်ကောက်ပို့စ်

ဒေါ်လာငွေစက္ကူပေါ်က ဗြိတိန်ဘုရင်မ အဲလိဇဘက်ရဲ့ ရုပ်ပုံကို ဖယ်ရှားပြီး ဌာနေတိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ ဒီဇိုင်းသစ်နဲ့ အစားထိုးသွားမယ်လို့ ဩစတြေးလျား ဗဟိုဘဏ်က ပြောဆိုလိုက်ပါတယ်။

ဒေါ်လာတန် ဩစတြေးလျား ဒေါ်လာစက္ကူပေါ်ကနေ ကွယ်လွန်သွားပြီးဖြစ်တဲ့ အဲလိဇဘက် ဘုရင်မရဲ့ ပုံရိပ်ကို ဖယ်ရှားပြီးရင်တော့ ဩစတြေးလျား ငွေစက္ကူတွေပေါ်မှာ ဗြိတိန်အခြေစိုက် ဘုရင်တွေရဲ့ ရုပ်ပုံ အသုံးပြုမှု လုံးလုံး အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။

ဘုရင်မရဲ့ ရုပ်ပုံကို အစားထိုးဖို့အတွက် ဩစတြေးလျားရဲ့ ပထမဆုံး ဌာနေတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းကို ထင်ဟပ်တဲ့ ဒီဇိုင်းသစ်ကို အဲဒီဌာနေတိုင်းရင်းသားတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ရေးဆွဲမယ်လို့ ဆိုပါတယ်။

ဩစတြေးလျားဟာ စည်းမျဉ်းခံ ဘုရင်စနစ် ကျင့်သုံးတဲ့ ဒီမိုကရေစီ တိုင်းပြည်တစ်ခု ဖြစ်ပြီး နိုင်ငံ့အကြီးအကဲဟာ လက်ရှိ ဗြိတိသျှဘုရင် ချားလ်စ် ဖြစ်ပါတယ်။

ယမန်နှစ် စက်တင်ဘာလတုန်းက ဗြိတိန်ဘုရင်မကြီး ကွယ်လွန်ချိန်မှာ ဩစတြေးလျားမှာ ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်တွေ လုပ်ခဲ့သေးသလို တစ်ချိန်တည်းမှာပဲ ဌာနေတိုင်းရင်းသား အုပ်စုအချို့က ဘုရင်စနစ်ကို ပယ်ဖျက်ဖို့ ဆန္ဒပြ တောင်းဆိုခဲ့ပါသေးတယ်။

စည်းမျဉ်းခံ ဘုရင်စနစ်ကို ဖျက်သိမ်းပြီး ဩစတြေးလျားကို သမ္မတနိုင်ငံအဖြစ် ထူထောင်မယ့် အဆိုပြုချက်ကို ၁၉၉၉ ခုနှစ်က ပြည်သူ့ဆန္ဒခံယူပွဲနဲ့ မဲခွဲဆုံးဖြတ်ခဲ့ဖူးပြီး ဘုရင်စနစ် လိုလားသူတွေက ပွတ်ကာသီကာ အနိုင်ရခဲ့ဖူးပါတယ်။

အခုလို ဗြိတိန်ဘုရင်မရဲ့ ရုပ်ပုံကို ဩစတြေးလျား ဒေါ်လာပေါ်ကနေ ဖယ်ရှားမယ့် အစီအစဉ်ကို သမ္မတနိုင်ငံ ထူထောင်ရေး လိုလားတဲ့ လက်ရှိ ဝန်ကြီးချုပ် အယ်လ်ဘားနီးစ်ရဲ့ ဗဟိုလက်ဝဲယိမ်းအစိုးရက ထောက်ခံထားပါတယ်။

ဒါပေမယ့် ဒီဇိုင်းအသစ်၊ ငွေစက္ကူအသစ် ရေးဆွဲရိုက်နှိပ်ဖို့တော့ နှစ်နဲ့ချီပြီး ကြာဦးမယ်လို့လည်း ဆိုပါတယ်။

ငွေစက္ကူသစ် ထွက်လာရင်လည်း မူလရိုက်နှိပ်ပြီးသား ဗြိတိန်ဘုရင်မ ရုပ်ပုံပါတဲ့ ဒေါ်လာငွေတွေဟာ တရားဝင် ငွေစက္ကူအဖြစ် ဆက်ရှိနေဦးမှာပါ။

ဩစတြေးလျား ဒေါ်လာငွေတွေပေါ်မှာ ဗြိတိန်ဘုရင်တွေရဲ့ ပုံရိပ်တွေ ရိုက်နှိပ် အသုံးပြုခဲ့တာ ၁၉၂၃ ခုနှစ်ကတည်းက ဖြစ်ပြီး နှစ်ပေါင်း ၁၀၀ အကြာမှာတော့ အဲလိဇဘက်ဘုရင်မရဲ့ ရုပ်ပုံကို ဖယ်ရှားဖို့ ဆုံးဖြတ်ချက်နဲ့ အတူ ဗြိတိန်ဘုရင်တွေရဲ့ ရုပ်ပုံတွေ အသုံးပြုမှု လုံးလုံး အဆုံးသတ်ဖို့ ဖြစ်လာခဲ့တာပါ။

ကိုးကား - ဘန်ကောက်ပို့စ်

The Tanintharyi Times