ဂတ်စ်မီးဖိုကြောင့် အမေရိကန် ကလေးငယ် ခြောက်သိန်းခွဲ ပန်းနာရင်ကြပ်ဖြစ်

ဂတ်စ်မီးဖိုကြောင့် အမေရိကန် ကလေးငယ် ခြောက်သိန်းခွဲ ပန်းနာရင်ကြပ်ဖြစ်

နေအိမ်တွေမှာ ဂတ်စ်မီးဖို အသုံးပြု ချက်ပြုတ်တာကနေ ထွက်လာတဲ့ ဓာတ်ငွေ့တွေကြောင့် အမေရိကန် ကလေးငယ် ၆၅၀၀၀၀ လောက် ပန်းနာရင်ကြပ် ရောဂါဖြစ်နေတယ်လို့ လေ့လာမှုအသစ်တစ်ခုက ဆိုပါတယ်။

ဂတ်စ်မီးဖိုကို အသုံးပြုတဲ့အခါ ပန်းနာရင်ကြပ် ဖြစ်စေတဲ့ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုက် ပြန်လည်ထုတ်လွှတ်သလို အဲဒီမီးဖိုကို ပိတ်ထားချိန်မှာတောင် ကမ္ဘာကြီးကို ပူနွေးစေတဲ့ မီသိန်းဓာတ်တွေ ထုတ်လွှတ်တယ်လို့ သိရပါတယ်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသီအဖွဲ့ RMI ရဲ့ စစ်တမ်းအရ အမေရိကန်မှာ ပန်းနာရင်ကြပ် ဖြစ်ပွားတဲ့ ကလေးငါးသန်းအနက် ၆၅၀၀၀၀ လောက်ဟာ ဂတ်စ်မီးဖိုက ထွက်တဲ့ အငွေ့တွေ ရှူရှိုက်မိတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

“ဂတ်စ်မီးဖိုသုံးတယ်ဆိုတာ အိမ်မှာ ဆေးလိပ်သောက်သူတစ်ယောက် ရှိနေတာနဲ့ အတူတူပဲ” လို့ စစ်တမ်းကို ဦးဆောင်တဲ့ Talor Gruenwald က ပြောပါတယ်။

ကလေးငယ် အများစုဟာ အဘိုးအဘွား လူကြီးမိဘတွေနဲ့ အတူ နေအိမ်မှာပဲ နေထိုင် အချိန်ကုန်ဆုံးကြတာ များလို့ အခုလို ဂတ်စ်မီးဖိုရဲ့ ဘေးထွက်ဆိုးကျိုးကို သိသိသာသာ ခံစားရတာလို့ RMI ရဲ့ စစ်တမ်းက ဆိုပါတယ်။

အမေရိကန် စွမ်းအင်ဝန်ကြီး Granholm က အမေရိကန် ပြည်သူတွေ ဂတ်စ်မီးဖို သုံးတာ လျှော့ချပြီး လျှပ်စစ်မီးဖိုတွေ ပိုမို အသုံးပြုဖို့ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

အမေရိကန် အိမ်ထောင်စု သန်း ၄၀ ကျော်ဟာ ဂတ်စ်မီးဖိုတွေ အသုံးပြုနေကြတာဖြစ်ပြီး အခုလို ဘေးထွက် ဆိုးကျိုးတွေကြောင့် ဂတ်စ်မီးဖိုတွေကို ပိတ်ပင်ဖို့ အကြံပြု တိုက်တွန်းတာတွေလည်း ရှိနေပါတယ်။

တစ်ဘက်မှာလည်း ဂတ်စ်မီးဖိုထုတ်လုပ် ရောင်းချတဲ့ လုပ်ငန်းရှင်တွေက RMI ရဲ့ သုတေသနဟာ ယခင် အချက်အလက် အဟောင်းတွေပေါ်မှာ အခြေခံထားတာ ဖြစ်သလို ခိုင်လုံတဲ့ အထောက်အထား လေ့လာမှုတွေ မပါဘူးလို့ တုန့်ပြန်ထားပါတယ်။

ပန်းနာရင်ကြပ်ဟာ ကလေးတွေမှာ အဖြစ်များဆုံး နာတာရှည်ရောဂါဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်း လူပေါင်း ၂၆၂ သန်းလောက် ပန်းနာရင်ကြပ် ခံစားနေရကာ အဲဒီရောဂါကြောင့် သေဆုံးသူပေါင်း ၄၅၅၀၀၀ ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံက သိရပါတယ်။

ကိုးကား - နယူးယောက်ပိုစ့်

The Tanintharyi Times