တနင်္သာရီမြို့နယ်ထဲက ကျေးရွာတွေမှာ PDF တွေလက်နက်ချလိုက်ပြီလို့ စစ်တပ်ကဝါဒဖြန့်နေ
တနင်္သာရီမြို့နယ်ထဲက ကျေးရွာတွေမှာ PDF တွေလက်နက်ချလိုက်ပြီလို့ စစ်တပ်ကဝါဒဖြန့်နေ
စစ်ကောင်စီတပ်ဖွဲ့တွေက မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ထဲက ဆက်သွယ်ရေးခက်ခဲတဲ့ကျေးရွာတွေဆီကို သွားရောက်ပြီး PDF တွေလက်နက်ချအလင်းဝင်ကုန်ပြီဖြစ်ကြောင်း ဝါဒဖြန့်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သွားရေးလာရေးနဲ့ ဆက်သွယ်ရေးခက်ခဲတာကြောင့် သတင်းအချက်အလက်ရရှိဖို့ အားနည်းတာကိုအခွင့်ကောင်းယူကာ ရွာတစ်ရွာကိုရောက်ရင် ဝါဒဖြန့်ချိရေးကို ဆောင်ရွက်နေတာဖြစ်တယ်လို့သိရပါတယ်။
“သူတို့ပြောတာက တခြားနေရာကPDF တွေအကုန် စစ်တပ်နဲ့ပူးပေါင်းကုန်ပြီ။ ဒီရွာတစ်ဝိုက်ပဲကျန်တာ ဆိုတာမျိုးပြောတယ်။ သူတို့နဲ့ပူးပေါင်းတဲ့နေရာတွေအကုန်အေးချမ်းကုန်ပြီဆိုတာမျိုးပြောတယ်။ နောက်တစ်ရွာရောက်ရင်လည်း အဲလိုပုံစံပဲပြောတယ်” လို့ဒေသခံရွာသားတစ်ဦးကပြောပါတယ်။
ဒီလိုဝါဒဖြန့်တာတွေကြောင့် မြို့နဲ့အလှမ်းဝေးပြီး သတင်းအချက်လက်မရရှိတဲ့ဒေသကပြည်သူတချို့ဇဝေဇဝါဖြစ်တာတွေ၊ စိုးရိမ်ပူပန်တာတွေ ရှိနေတယ်လို့လည်းသိရပါတယ်။
ဒီနေ့မှာလည်း တနင်္သာရီတိုင်းအတွင်းက PDF ၃ဦး လက်နက်နဲ့တကွ အလင်းဝင်လာတာကြောင့် မိဘတွေဆီပြန်အပ်နှံခဲ့တယ်ဆိုပြီး စစ်ကောင်စီက အခမ်းအနားပြုလုပ်ခဲ့ပါတယ်။
အဲဒီအခမ်းအနားကို မြိတ်မြို့၊ နယ်မြေခံတပ် သင်တန်းကျောင်းခန်းမမှာပြုလုပ်ခဲ့ပြီး မျက်နှာတွေကိုဖုံးထားတဲ့ အမျိုးသား၂ဦးနဲ့အမျိုးသမီး ၁ဦးရဲ့ဓာတ်ပုံတွေဖော်ပြခဲ့ပါတယ်။
လက်နက်အပ်နှံပြီး အလင်းဝင်မယ်ဆိုရင် လက်ခံသွားမှာဖြစ်ပြီး တနိုင်ငံလုံးက PDF တွေလည်းဝင်ရောက်နေကြတယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေကရေးသားဖော်ပြထားကြပါတယ်။
The Tanintharyi Times
