တနင်္သာရီတိုင်းမှာ စစ်ရှောင်အရေအတွက် နှစ်သောင်း နီးပါး ရှိနေ
တနင်္သာရီတိုင်းမှာ စစ်ရှောင်အရေအတွက် နှစ်သောင်း နီးပါး ရှိနေ
တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင် အရေအတွက်ဟာ မေလမှာ တစ်သောင်းလောက် ထပ်တိုးလာတဲ့အတွက် စစ်ရှောင်ဦးရေစုစုပေါင်း ၂ သောင်းနီးပါး ရှိနေပြီလို့ ဒေါနတနင်္သာရီ-စစ်ဘေးရှောင်ပြည်သူ ထောက်ပံ့ကူညီရေးအဖွဲ့ ထံက သိရပါတယ်။
ယခင်လက စစ်ရှောင်သူ အရေအတွက်ဟာ ၇၃၀၀ ရှိနေရာက အခုလမှာ ၉၇၀၀ အထိ ထပ်တိုးလာခဲ့တဲ့အတွက် အားလုံးပေါင်း ၁၇၀၀၀ ရှိနေတယ်လို့ သိရပါတယ်။
“ဆန်တစ်ခုတော့ မိုးရာသီအတွက် လုံလောက်မှုရှိတယ်ပြောရမယ်။ နေရာတိုင်းကိုတော့ မဆိုလိုဘူးပေါ့လေ။ ကျန်တဲ့ရိက္ခာတွေကတော့ တစ်ပတ်နှစ်ပတ်စာလောက်အတွက်ပဲရှိမယ်။ အချိန်အကြာကြီးအတွက်တော့ မလုံလောက်ဘူး” လို့ ဒေါနတနင်္သာရီရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ထားဝယ် စစ်ရှောင်စခန်းတွေမှာတော့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေဆဲဖြစ်ပြီး မိုးရာသီမှာ ကြုံတွေ့နိုင်တဲ့ ငှက်ဖျား ရောဂါနဲ့တုပ်ကွေး ရောဂါ အတွက် အခုချိန်ထိ ဆေးဝါးလုံလောက်မှု့ မရှိသေးဘူးလို့ သိရပါတယ်။
စစ်ရှောင် နှစ်သောင်းနီးပါးဟာ စစ်ဘေးရှောင်ယာယီစခန်းတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ နီးစပ်ရာ ဆွေးမျိုး အသိအိမ်တွေမှာ နေထိုင်နေကြရတာပါ။ စစ်ရှောင်တချို့ကတော့ အနီးနား ရွာတွေက စောင့်ရှောက်ပေးထားလို့ လုံလုံခြုံခြုံရှိနေတယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းမှာ မေလအတွင်း အရှေ့တောနယ်ကရွာတွေနဲ့ မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေလည်း အများအပြား ဖြစ်ပွါးခဲ့ပါတယ်။
The Tanintharyi Times
