စစ်ဘေးရှောင်စခန်းတွေမှာ မိုးရာသီအတွက် အမိုးအကာနဲ့ ဆေးဝါး အရေးတကြီးလိုအပ်နေ
စစ်ဘေးရှောင်စခန်းတွေမှာ မိုးရာသီအတွက် အမိုးအကာနဲ့ ဆေးဝါး အရေးတကြီးလိုအပ်နေ
တနင်္သာရီတိုင်းအတွင်းက စစ်ဘေးရှောင်စခန်းတွေမှာ မိုးရာသီအတွက် အစားအသောက်အပြင် အမိုးအကာနဲ့ ဆေးဝါးတွေ အရေးတကြီးလိုအပ်နေတယ်လို့ ဒေါနတနင်္သာရီအဖွဲ့က ပြောပါတယ်။
တနင်္သာရီဒေသတွင်းက ထားဝယ်၊ ရေဖြူ၊ သရက်ချောင်း၊ ပုလော၊ မြိတ်၊ တနင်္သာရီ စတဲ့မြို့နယ်တွေကစစ်ဘေးရှောင်သူ အရေအတွက်ဟာ လက်ရှိမှာ ၄၀၀၀ ကျော်လောက်အထိရှိတယ်လို့ သိရပါတယ်။
“အမိုးအကာတွေအဓိကလိုတယ်။ နောက်ပြီး ရာသီပေါ် တုပ်ကွေး နဲ့ ငှက်ဖျားနဲ့ တခြားအရေးပေါ်အခြေအနေအတွက် ဆေးဝါးတွေ လိုပါတယ်။လက်ရှိကတော့ အလှုရှင်တွေလှုတာကိုချွေတာပြီး လိုအပ်တဲ့နေရာတွေကိုအဆင်ပြေအောင်ကူညီပေးနေတယ်” လို့ဒေါနတနင်္သာရီအဖွဲ့ရဲ့ တာဝန်ရှိသူကပြောပါတယ်။
မိုးရာသီမှာ ရေပိုရေလျှံရှိတယ်ဆိုပေမယ့် သန့်ရှင်းတဲ့ရေမရရင် ဝမ်းပျက်ဝမ်းလျှောတာနဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်လာနိုင်တာမို့ ကြိုပြင်ဆင်ထားဖို့လိုတယ်လို့လည်းသူက ဆက်ပြောပါတယ်။
မိုးအရမ်းများလာရင် တောတောင်ထဲမှာ လမ်းပန်းဆက်သွယ်ရေးပိုမို ခက်ခဲတာကြောင့် လိုအပ်တာတွေကို ကြိုတင်ပြီးတော့ စုဆောင်းတားဖို့လိုအပ်နေတာပါ။
တနင်္သာရီတိုင်းအတွင်းမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ မြို့နယ်တချို့မှာ တိုက်ပွဲဖြစ်ပေါ်နေပြီး စစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်မှုတွေကို မကြာခဏ ပြုလုပ်နေတာကြောင့် ဒေသခံတွေဟာ နေရပ်စွန့်ခွါ တိမ်းရှောင်နေကြရပါတယ်။
The Tanintharyi Times
