တရားမဝင်တင်ပို့မဲ့ ရာဘာပြားတွေ ရှမ်းကိုးရွာနယ်စပ်မှာ ဖမ်းဆီးရမိ

တရားမဝင်တင်ပို့မဲ့ ရာဘာပြားတွေ ရှမ်းကိုးရွာနယ်စပ်မှာ ဖမ်းဆီးရမိ

ဓာတ်ပုံ - ရနောင်းရေဒီယိုအသံလွှင့်ဌာန

ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်ထဲက ရှမ်းကိုးရွာနယ်စပ်ကနေ ထိုင်းဘက်ကိုတင်ပို့မဲ့ ရာဘာပြားတွေကို ထိုင်းတာဝန်ရှိသူတွေကဖမ်းဆီးခဲ့တယ်လို့ ရနောင်းရေဒီယိုအသံလွှင့်ဌာနက သတင်းဖော်ပြပါတယ်၊၊

ပြီးခဲ့တဲ့လ ၂၉ရက်နေ့က ရှမ်းကိုးရွာနဲထိစပ်နေတဲ့ ဘန်နန်ဒေါင်းကျေးရွာကို မြန်မာဘက်ကနေ ရေလမ်းကတစ်ဆင့် ရာဘာ​ပြားတွေကို လှေနဲ့သယ်လာချိန် ဖမ်းမိခဲ့တာပါ၊၊

ထိုင်းအထူးတပ်ဖွဲ့(၂၅)မှ တာဝန်ရှိသူတွေဟာ တရားမဝင်ကုန်စည်ကူးသန်းနေသူတွေကို သတင်းအရ ရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပြီး ရာဘာပြားကီလို ၂၁၀၀ ခန့် နဲ့အတူ သယ်ယူဖို့စောင့်ဆိုင်းနေတဲ့သူတွေကိုပါ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်၊၊

“ဒီလိုပဲပို့နေကြတာ။ ထိုင်းရဲရောမြန်မာရဲရောအကုန်လုံးကို(လာဘ်ငွေ) ပေးရတယ်။ မပေးရင်တော့ခုလိုဖမ်းခံထိတာပဲ”လို့ ရှမ်းကိုးရွာက ရွာခံတစ်ဦးကပြောပါတယ်။

ရာဘာပြားတွေအပါအဝင်ဘေးတွဲဆိုင်ကယ် ၇စီးနဲ့ ဆိုင်ကယ်မောင်းပေးတဲ့သူတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ဘေးတွဲဆိုင်ကယ်မောင်းသူတွေကို ပို့ခ ဘတ်၅၀၀ နဲ့ ငှါးရမ်းခဲ့တဲ့အတွက် လိုက်လံ ပို့ဆောင်ခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးမိတဲ့သူတွေနဲ့ရာဘာပြားတွေကို ရနောင်းခရိုင်ထဲက အကောက်ခွန်ရုံးကိုပို့ဆောင်ထားပြီးတရားမဝင်​ကုန်စည်ကူးသန်း၊ ရောင်းဝယ်ရေးဥပဒေအရ အရေးယူနိုင်ဖို့ ထိန်းသိမ်းထားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ရှမ်းကိုးရွာဒေသမှာ ရာဘာပြားတန်ချိန် တစ်သန်းကျော်အထိ ဖမ်းဆီးမိခဲဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

The Tanintharyi Times