ပုလောက အလယ်တန်းပြကျောင်းဆရာမတစ်ဦး လမ်းမှာ အဖမ်းခံရ

ပုလောက အလယ်တန်းပြကျောင်းဆရာမတစ်ဦး လမ်းမှာ အဖမ်းခံရ

ပုလောကနေ ထားဝယ်ကိုလာတဲ့အလယ်တန်းပြဆရာမတစ်ဦးဟာ သရက်ချောင်းမြို့နယ်၊ ဘုတ်တောင်မှာ မနေ့ကဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

ဖမ်းဆီးခံရသူဟာ ပုလောမြို့နယ်၊ ခန္တီရွာက အသက် ၄၅ နှစ်ဝန်းကျင်အရွယ် ဒေါ်ဥမ္မာရီဖြစ်ပြီး မနေ့နေ့လည်ပိုင်းက အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။

လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခဲ့တာဖြစ်ပြီး သရက်ချောင်းမြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ဖမ်းထားတယ်ဆိုတဲ့သတင်းထွက်ပေါ်နေပေမယ့် တနင်္သာရီတိုင်းမ်အနေနဲ့အတည်မပြုနိုင်သေးပါဘူး။

ဒေါ်ဥမ္မာရီဟာ စစ်တပ်ကအာဏာစသိမ်းခဲ့တဲ့နှစ်အတွင်း CDM လုပ်ထားတဲ့ ကျောင်းဆရာမတွေနဲ့ ဆန္ဒထုတ်ဖော်တဲ့အထဲပါဝင်တဲ့ အရပ်သားတွေကို စစ်ကောင်စီတပ်ဘက်ကို သတင်းပေးတာတွေလုပ်‌ဆောင်ခဲ့သူ​​ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီလိုသတင်းပေးတာတွေကြောင့် ဒေသခံတချို့ ရွာမှာနေလို့မရတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒေါ်ဥမ္မာရီနဲ့ပတ်သက်ပြီး ပုလောဒေသခံတစ်ဦးကတော့ ” သူက အာဏာစသိမ်းတဲ့ နှစ်ကတော့ တော်တော်ဆိုးတယ်။ နောက်ပိုင်း ပုလောမှာ ကာကွယ်ရေးတပ်တွေပေါ်လာကတည်းကနေ ငြိမ်ကျသွားတာခုထိပဲ” လို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုတာမျိုးမရှိသေးပါဘူး။

The Tanintharyi Times