တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ရုတ်တရက်ကွယ်လွန် တစ်နှစ်အတွင်း တရုတ်မှာ ကွယ်လွန်တဲ့ ပြည်ပသံအမတ် လေးဦးရှိပြီ

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ရုတ်တရက်ကွယ်လွန် တစ်နှစ်အတွင်း တရုတ်မှာ ကွယ်လွန်တဲ့ ပြည်ပသံအမတ် လေးဦးရှိပြီ

ဓာတ်ပုံ - နိုင်ငံခြားရေးဝန်ကြီးဌာန

တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေဟာ ဩဂုတ်လ ၇ ရက်၊ တနင်္ဂနွေနေ့မှာ ရုတ်တရက်ကွယ်လွန်သွားပါတယ်။

သူအပါအဝင် တရုတ်မှာ ပြီးခဲ့တဲ့တစ်နှစ်အတွင်း ကွယ်လွန်တဲ့ ပြည်ပသံအမတ် လေးဦးအထိ ရှိလာပါတယ်။

သံအမတ်ကြီး ဦးမျိုးသန့်ဖေဟာ မြန်မာနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ယူနန်ပြည်နယ်ရဲ့ မြို့တော် ကူမင်းကို အစည်းအဝေးတက်ရောက်ဖို့ သွားနေစဉ် ကူမင်းလေဆိပ်အရောက်မှာ ရုတ်တရက်လဲကျပြီး သေဆုံးခဲ့တာလို့ နီးစပ်သူတွေက ဆိုပါတယ်။

သံတမန်အသိုင်းအဝိုင်းရဲ့ အဆိုအရ ၎င်းဟာ ရုတ်တရက် နှလုံးဖောက်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကာ အရေးပေါ်ဌာနကို ချက်ချင်းပို့ဆောင်ခဲ့ပေမဲ့ အသက်မမီဘဲ ကွယ်လွန်သွားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ တရုတ်နိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ဟာ အဲဒီရာထူးတာဝန် ခန့်အပ်ခံရပြီး နှစ်ပတ်မပြည့်ခင် အသက် ၅၄ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ အလားတူ တရုတ်နိုင်ငံဆိုင်ရာ ယူကရိန်း သံအမတ်ဟာလည်း ဖေဖော်ဝါရီလမှာ ကွယ်လွန်ခဲ့ပြန်ပါတယ်။

တရုတ်မှာ နောက်ထပ်ကွယ်လွန်တဲ့ သံအမတ်ကတော့ တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးဖြစ်ပြီး သူဟာ တရုတ်အရှေ့ပိုင်း အန်းဟွေးပြည်နယ်မှာ ကိုဗစ်-၁၉ ဆိုင်ရာ အသွားအလာကန့်သတ် စောင့်ကြည့်မှု ခံယူနေစဉ် ဧပြီလမှာ ကွယ်လွန်ခဲ့ပြီး ကွန်လွန်ချိန်မှာ အသက် ၇၄ နှစ် ရှိပြီဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ၂၀၁၉ ခုနှစ် ဩဂုတ်လဆန်းမှာ ဦးမျိုးသန့်ဖေကို ကောင်စစ်ရေးရာနဲ့ ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ်ကနေ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး အာဏာမသိမ်းမီ ရက်ပိုင်းအလိုမှာ မြောက်ကိုရီးယားဆိုင်ရာ သံအမတ်အဖြစ်ပါ ပူးတွဲ ခန့်အပ်ခံခဲ့ရပါတယ်။

စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှာ အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်က သံအမတ်ကြီး အများအပြားကို အနားပေးတာ၊ ပြောင်းရွှေ့တာတွေ လုပ်ခဲ့ပေမဲ့ သူကတော့ ဘေဂျင်းက မြန်မာသံရုံးမှာ ရာထူးဆက်လက် တည်မြဲခဲ့ပါတယ်။

ဦးမျိုးသန့်ဖေ ရုတ်တရက် ကွယ်လွန်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီက တရားဝင် သတင်းမထုတ်ပြန်ပေမဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေရဲ့ နာရေးကြော်ငြာကဏ္ဍမှာ ဝမ်းနည်းကြေကွဲကြောင်း သတင်းစကားတွေ ထည့်သွင်းခဲ့တာကို တွေ့ရပါတယ်။

ကိုးကား - ရိုက်တာ

The Tanintharyi Times