စစ်ဘေးရှောင်သူတွေတိုးလာတဲ့ ပုလောစစ်ရှောင်စခန်းမှာ ရိက္ခာပြတ်လပ်တဲ့ အခက်အခဲကြုံနေရ
စစ်ဘေးရှောင်သူတွေတိုးလာတဲ့ ပုလောစစ်ရှောင်စခန်းမှာ ရိက္ခာပြတ်လပ်တဲ့ အခက်အခဲကြုံနေရ
တနင်္သာရီတိုင်းထဲက စစ်ဘေးရှောင်တဲ့ ပြည်သူတွေ ခိုလှုံနေတဲ့ ပုလောစစ်ရှောင်စခန်းမှာ အစားအသောက် တင်ပို့၊ သယ်ယူနိုင်တဲ့လမ်းကြောင်းတွေ အကုန်ပိတ်ခံထားရတဲ့အတွက် ရိက္ခာပြတ်လပ်မှုအခက်အခဲနဲ့ကြုံနေရတယ်လို့ ပုလောစစ်ရှောင်စခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ရိက္ခာလမ်းကြောင်းတွေအားလုံးပိတ်ခံထားရသလို၊ မြို့ထဲဖမ်းဆီးတာတွေက ဆိုင်တွေအထိဖြစ်လာတဲ့အတွက် ဘယ်သူမှလည်းမရောင်းပေးချင်ကြဘူး” လို့ စခန်းတာဝန်ရှိသူက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် ဖြစ်ပွါးလာခဲ့တဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွါထွက်ပြေးတိမ်းရှောင်လာရတဲ့ ဒေသခံတွေခိုလှုံနေရတဲ့ ပုလောစစ်ရှောင်စခန်းမှာ ယခုလဝက်အတွင်း စစ်ရှောင်အရေအတွက်ဟာ ၃၀၀ နီးပါး တိုးလာခဲ့ပါတယ်။
လက်ရှိအချိန်ထိ စစ်ရှောင် (၁၄၃၅) ဦးအထိရှိနေပြီး အဆိုပါစစ်ရှောင် တစ်ထောင်ကျော်ထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး (၁၇) ဦး ပါဝင်ပါတယ်။
စစ်ရှောင်စခန်းမှာ ရိက္ခာပြတ်လပ်မှုအပြင် စခန်းနဲ့အနီးနားတစ်ဝိုက်က ရွာတွေမှာပါ ငှက်ဖျားဖြစ်ပွါးမှုနှုန်း အရမ်းမြင့်တက်နေကာ ဆေးဝါး အလုံအလောက်မရှိတဲ့ပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
ပုလောမြို့နယ်မှာ ယခုလအတွင်း တိုက်ပွဲတွေ ဖြစ်ပွါးခဲ့သလို ပြည်သူပိုင်နေအိမ်တွေနဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်ဘက်က မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
The Tanintharyi Times
