ထိုင်းရောက်ရွှေ့ပြောင်းကျောင်းသားတွေ

ထိုင်းရောက်ရွှေ့ပြောင်းကျောင်းသားတွေ

ပုံစာ - ထိုင်းမှာကျောင်းတက်နေကြတဲ့ မြန်မာကျောင်းသားတွေ။

တနင်္သာရီတိုင်းအတွင်းက ရွှေ့ပြောင်းအလုပ်သမားအများစုဟာ သူတို့ရဲ့ သားသမီးတွေကို စိတ်ချရတဲ့ လူကြုံတွေနဲ့ ထိုင်းကို ခေါ်ယူပြီး ပညာသင်နိုင်ဖို့ ကြိုးစားနေကြပါတယ်။

စစ်တပ်က အာဏာမသိမ်းခင်အချိန်အထိ ထိုင်းမှာ အလုပ်သွားလုပ်သူတွေဟာ မြန်မာနိုင်ငံမှာပဲ အဖိုး၊ အဖွား ဆွေမျိုးတွေနဲ့ သားသမီးတွေကို ထားခဲ့လေ့ရှိကြတာပါ။ အခုတော့ အရင်လို မဟုတ်တော့ပါဘူး။

“အစကတော့ သူများနိုင်ငံမှာ ဘေးမကင်းဘူးလို့ ထင်တာလေ။ “ လို့ သရက်ချောင်းမြို့နယ်မှာနေတဲ့ ကျောင်းသားမိဘတစ်ဦးက ပြောတယ်။ အရင်ကသူဟာ ထိုင်းမှာ အလုပ်သွားလုပ်တဲ့ အချိန်တွေဆို သူ့သားသမီးတွေကို အ‌ဒေါ်ဖြစ်သူနဲ့ပဲ အမြဲထားခဲ့လေ့ရှိသူပါ။

အခုတော့ ဘေးမကင်းတဲ့ နေရာက မြန်မာနိုင်ငံ ဖြစ်နေပါပြီ။ ရွှေ့ပြောင်းလုပ်သားမိဘတွေဟာ သူတို့ရဲ့သားသမီးတွေကို အရင်လိုထားခဲ့ဖို့ စိတ်မချနိုင်တော့ပါဘူး။ ရရာနည်းလမ်းနဲ့ သားသမီးတွေကို ခေါ်ယူပြီး ထိုင်းမှာ ကျောင်းထားနေကြပါပြီ။

မေလ ၁၇ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်တဲ့ ထိုင်းနိုင်ငံက အခြေခံပညာကျောင်းတွေမှာ မြန်မာနိုင်ငံကကျောင်းသားတွေ အများအပြား တက်ရောက်နေကြပြီလို့ ရွေ့ပြောင်းကျောင်းသားမိဘတွေက တဆင့် သိရပါတယ်။

မြန်မာကလေးတွေကို ထိုင်းမှာ စာသင်ပေးနေတဲ့ ဆရာတစ်ဦးက “ကျနော့်ဆီမှာ မြန်မာစာသင်တဲ့ ကျောင်းသား ၇၀ ရာခိုင်နှုန်းက ထိုင်းကျောင်းတက်နေကြပါပြီ။ အကုန်လုံးကတော့ အသက်၁၀ နှစ်အောက်လေးတွေပါ” လို့ ပြောပါတယ်။

အဲဒီဆရာပြောသလိုပါပဲ၊ ကျောင်းတက်သူ အများစုဟာ အခြေခံပညာမူလတန်းအရွယ်တွေ များကြတယ်လို့ မေးမြန်းမှုတွေအရ သိရပါတယ်။

စိတ်ချရတဲ့လူကြုံတွေနဲ့ ထိုင်းဘက်ကို ကလေးတွေလိုက်ခဲ့ကြတာရှိသလို တဖက်နိုင်ငံကို အလုပ်လုပ်ဖို့ မသွားရသေးတဲ့ မိဘတွေကလည်း သူတို့ရဲ့ ကလေးတွေကိုပါ တခါတည်း ခေါ်ဆောင်လာကြတာတွေ ပြုလုပ် လာကြပါတယ်။

ရွေ့ပြောင်းလာတဲ့ မူလတန်းကလေးငယ်တွေဟာ ထိုင်းအခြေခံပညာကျောင်းတွေမှာ ပညာသင်ကြားကြသူတွေရှိသလို မြန်မာဘုန်းတော်ကြီးကျောင်းတွေ၊ ကိုယ်ထူကိုယ်ထ စာသင်ဝိုင်းလေးတွေနဲ့ ပညာသင်ယူနေသူတွေလည်း ရှိတယ်လို့ ကျောင်းသားမိဘတွေထံက သိရပါတယ်။

မြန်မာနိုင်ငံကကျောင်းတက်လက်စကလေးတွေ တက်ရောက်နေကြတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ထိုင်းကိုရောက်နေတဲ့ CDM ဆရာ၊ ဆရာမတချို့က သင်ကြားရေး ဝင်ကူပေး နေကြတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ကျောင်းအပ်တဲ့အခါ ထိုင်းမှာမွေးစာရင်းရှိတဲ့သူ၊ ဒါမှမဟုတ် မိဘ၊ အုပ်ထိန်းသူမှာ တရားဝင် အလုပ်သမားကဒ်ပြားရှိသူဖြစ်မှ ထိုင်းကျောင်းတွေက လက်ခံတယ်လို့ ကျောင်းသားမိဘတွေက ပြောပြပါတယ်။

လောင်းလုံးမြို့နယ်က ကျောင်းသားမိဘတစ်ဦးပြောပြတာကတော့ မြန်မာကျောင်းသားတွေ အတန်းပညာ ဘယ်နှစ်တန်းရှိရှိ ထိုင်းစာမတတ်ရင်တော့ တစ်တန်းကနေ စတက်ရတယ်လို့ ဆိုတယ်။

ထိုင်းမှာ အခြေခံပညာအတန်းတွေမှာ Grade 9 အထိ အစိုးရက အခမဲ့သင်ကြားပေးတဲ့အပြင် လိုအပ်တဲ့ထောက်ပံမှုတွေကိုလည်း ပေးတယ်လို့ သိရပါတယ်။

ကျောင်းမှာ မနက်ပိုင်းအဟာရဖြစ်တာတွေ ကျွေးမွေးတာ၊ နေလည်စာကျွေးမွေးတာနဲ့ တခြားကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း စနစ်တကျပြုလုပ်ပေးတယ်လို့ လောင်းလုံးမြို့နယ်ကကျောင်းသားမိဘက ပြောပြပါတယ်။

“အချိန်တစ်ခုပေးပြီး ကျောင်းကြိုကျောင်းပို့လုပ်ရတာလောက်ပဲ။ ကျန်တာအကုန်အဆင်ပြေပါတယ်။ “လို့ လောင်းလုံးက ကျောင်းသားမိဘက ဆက်ပြောပြပါတယ်။

တဖက်နိုင်ငံကို သွားရောက်အလုပ်လုပ်သူ‌တွေက သူတို့ရဲ့ သားသမီးတွေကို ကျောင်းတက်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းနေကြသလို တနသာႅရီတိုင်းဒေသထဲမှာပဲ ရှိနေတဲ့ မိဘတွေကလည်း သူတို့သားသမီးတွေ ပညာသင်ဖို့ ဘယ်ကျောင်းကိုပို့ရမလဲဆိုတာကို တွေးရင်း စိတ်ဗျာများ နေကြပါတယ်။

စစ်ကောင်စီဖွင့်တဲ့ ကျောင်းကို မတက်ချင်တဲ့၊ စစ်ဘေးကြောင့် အခြေတကျမရှိနေတဲ့ စစ်ရှောင်သူတွေအတွက် ကြားကာလပညာရေးအစီအစဉ်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေးဝန်ကြီးဌာနက အွန်လိုင်းအခြေပြုအတန်းကျောင်းတွေ ဖွင့်ပြီး လက်ခံ သင်ကြားတာတွေ လုပ်နေပါတယ်။ ဒါ့အပြင် တနင်္သာရီတိုင်းအတွင်းက မြို့နယ်တချို့မှာလည်း သက်ဆိုင်ရာ မြို့နယ်ပညာရေးဘုတ်အဖွဲ့တွေက ဇွန်လအတွင်း ကျောင်းအပ်နှံ့ဖို့ ထုတ်ပြန်ထားတာတွေလည်း ရှိပါတယ်။

လောင်းလုံးမြို့နယ် ကြက်ယက်တွင်းရွာခံ မိဘတစ်ဦးကတော့ “ကျွန်မတို့က စစ်ကောင်စီဖွင့်တဲ့ ကျောင်းကိုတော့ ကလေးကို လုံးဝမတက်ခိုင်းဘူး။ လိုင်းပေါ်က သင်လို့ရတာတော့ ရှိတာကြားတယ်။ သိပ်လည်း နားမလည်ပါဘူး” လို့ ပြောပါတယ်။

ကြက်ယက်တွင်းက ကျောင်းသားမိဘ ပြောသလိုပါပဲ၊ အွန်လိုင်းပလက်ဖောင်းကိုအသုံးပြုရတဲ့ နေအိမ်အခြေပြု သင်ကြားရေးနည်းစနစ်ကို ကျေးရွာတွေက နည်းပညာနဲ့အလှမ်းဝေးတဲ့ မိသားစုအတော်များများ လက်လှမ်းမမှီကြပါဘူး။ မြို့ပေါ်နေ ကျောင်းသားမိဘတွေထဲမှာလည်း အနည်းစုကပဲ ဒီစနစ်ကို နားလည်ပြီး ကလေးတွေကို သင်ကြား ပေးတာမျိုး ရှိနေတာပါ။

အခုလက်ရှိ မြေပြင်သင်ကြားရေးအခြေအနေကတော့ စစ်ဘေးရှောင်စခန်းတွေမှာ သင်ကြားတာမျိုးနဲ့ နီးစပ်ရာစုဖွဲ့ပြီး အလွတ်တန်းသင်ကြားတာမျိုးတွေပဲ ရှိနေသေးတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ တနင်္သာရီတိုင်းအတွင်းမှာရှိတဲ့ ကျေးရွာအားလုံးနီးပါးက ဒေသခံတွေဟာ ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်သူ အဆမတန်များပြား လာခဲ့တယ်။

သရက်ချောင်းမြို့နယ် ၊ ကျွဲမင်းကုန်းရွာသားတစ်ဦးပြောတာကတော့ “ရွာမှာတော့ အရွယ်ကောင်းတဲ့သူတွေအကုန်ထိုင်းရောက်ကုန်ပြီ။ အိမ်ခြေပေါင်း ၅၅၀ ဝန်းကျင် ရှိတယ်။ တစ်အိမ်ကို ၂ယောက်ကတော့ အနည်းဆုံးထိုင်းရောက်နေကြပြီ” လို့ ဆိုတယ်။

ရွာမှာရှိတဲ့သူအများစုဟာ အသက်ကြီးပိုင်းနဲ့ ထိုင်းမှာသွားရောက်လုပ်ကိုင်ဖို့ အရွယ်မရောက်သေးတဲ့ သူတွေပဲများပြီး ၁၆ နှစ်ကနေ အသက် ၄၀ ဝန်းကျင်အထိကတော့ ထိုင်းရောက်ကုန်ကြပြီလို့ သူက ဆက်ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါကာလနဲ့ စစ်အာဏာသိမ်းတဲ့ ကာလကြားမှာ နှောင့်နေးခဲ့ရတဲ့ ကျောင်းပညာရေးကို အလျှင်မီအောင်လိုက်နိုင်ဖို့အတွက် ကျောင်းသားမိဘတွေဟာ နည်းမျိုးစုံနဲ့ ကြိုးပမ်းနေကြပါတယ်။

တဖက်နိုင်ငံမှာ အလုပ်သွားလုပ်ရင်း သားသမီးပညာရေးပါ ဖြည့်ဆည်းပေးနိုင်တဲ့ အခွင့်အလမ်းကတော့ အတော်ကြီးပါတယ်။ ဒါပေမဲ့ တဖက်နိုင်ငံရောက်တဲ့ ကျောင်းသားအရွယ်တိုင်း ကျောင်းတက်နိုင်ကြတာမျိုးတော့ မဟုတ်ပါဘူး။

ကျောင်းဆက်တက်ဖြစ်တဲ့ ၈၀ ရာခိုင်နှုန်းလောက်က အတန်းပညာ ၅တန်းလောက်အထိ ရှိတဲ့အရွယ် အခြေခံပညာကျောင်းသားတွေ ဖြစ်ပြီး ၈တန်း၊ ၉တန်း နဲ့၁၀တန်းအရွယ်တွေကတော့ လုပ်ငန်းခွင်ဝင်သွားကြများတယ်လို့သိရပါတယ်။

တော်လှန်ရေးကာလမှာ သားသမီးကိုပညာရေးပေးနိုင်ဖို့ စဉ်းစားတဲ့အခါမှာ ငွေကြေးတတ်နိုင်သူတွေအတွက် ဆုံးဖြတ်ချက်က ချောမွေ့ပေမယ့် အခြေခံလူတန်းစားတွေ အတွက်ကတော့ လစ်ဟာမှု အမျိုးမျိုး ရှိနေခဲ့ပါတယ်။

ဒါပေမဲ့ ကိုယ့်သားသမီးရဲ့ပညာရေး အလှမ်းမဝေးရအောင် ရတဲနည်းလမ်းတွေနဲ့ ဆက်နိုင်ဖို့ မိဘတွေကတော့ လုံးပမ်းနေကြတာပါပဲ။ တော်လှန်ရေးခရီးက ဘယ်လောက်ကြာမယ်မသိနိုင်တဲ့အတွက် ပညာရေးအတွက်လျှောက်တဲ့လမ်းဟာလည်း ဘယ်အချိန်မှာ အဆင်ပြေပြေဖြစ်လာမယ်ဆိုတာကို မိဘတွေ မတွက်ဆနိုင်ကြပါဘူး။

ထိုင်းကကျောင်းမှာ သားသမီးကိုပညာသင်ခိုင်းထားတဲ့ လောင်းလုံးက ကျောင်းသားမိဘကတော့ “ပြည်တွင်းမှာ အခြေအနေတွေပြန်ကောင်းရင် မြန်မာကျောင်းပဲ ပြန်ထားမယ်”လို့ ပြောပါတယ်။

ဒီလို ခံယူချက်၊ အတွေးမျိုး ကျန်တဲ့ရွေ့ပြောင်းကျောင်းသားမိဘတချို့ရဲ့ စိတ်ထဲမှာလည်း ရှိနေမှာ အသေချာပါပဲ။

The Tanintharyi Times