ထားဝယ်ကနေ ထီးခီးကိုသွားတဲ့ယာဥ်တန်း လမ်းမှာသုံးနေရာတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်းသေဆုံးပြီး PDF တစ်ဦးကျဆုံး

ထားဝယ်ကနေ ထီးခီးကိုသွားတဲ့ယာဥ်တန်း လမ်းမှာသုံးနေရာတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်းသေဆုံးပြီး PDF တစ်ဦးကျဆုံး

ရုပ်သံ - သင်္ကန်းတုံးရွာအနီးတိုက်ပွဲ။ (EDF)

ထားဝယ်မြို့ဘက်ကနေ ထီးခီးနယ်စပ်ဘက်ကို ဦးတည်ထွက်ခွာလာတဲ့စစ်ကောင်စီယာဥ်တန်းဟာ လမ်းတစ်လျှောက်သုံးကြိမ်ထက်မနည်းတိုက်ခိုက်ခံခဲ့ရပါတယ်။

ဇူလိုင်လ ၅ ရက်နေ့မနက်ပိုင်း ပကာရီရွာကနေထွက်ခွာလာတဲ့ စစ်ကား ၁၃ စီးပါ ယာဥ်တန်းဟာ ပခပ်ရွာတံတားအနီးမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး နှစ်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ PDF အဖွဲ့ဝင်တွေထံက သိရပါတယ်။

နေ့လယ်ပိုင်းမှာ သရက်ငုတ်ရွာအနီး ထပ်မံတိုက်ခိုက်ခံရပြီး အဲဒီနေရာမှာ ထိခိုက်မှုအခြေအနေကိုတော့အတည်မပြုနိုင်သေးပါဘူး။

အဲဒီစစ်ကောင်စီယာဥ်တန်းဟာ ဇူလိုင်လ ၅ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် သင်္ကန်းတုံးရွာတံတားအနီးရောက်လာတဲ့အချိန်မှာ ထပ်မံတိုက်ခိုက်ခံခဲ့ရပါတယ်။

သင်္ကန်းတုံးရွာအနီးမှာ Eastern Defense Force -EDF၊ က္လားသစ္ဏတ်(ကျားသစ်နက်)၊ Dawei East Forest People Defense Force(ထားဝယ်ပကဖ) တို့သုံးဖွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၆ ရက်နေ့ မွန့်တည့်အထိတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ EDF နဲ့ DEF-PDF တို့က ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက်ကတော့ တစ်ဦးကျဆုံးခဲ့ပြီး အဲဒီရဲဘော်ဟာ DEF-PDF(ထားဝယ် ပကဖ) မှ ရဲဘော် HK(ခ) ဗိုင်ဆရာဖြစ်တယ်လို့ ထုတ်ပြန်ထားကြပါတယ်။

“သူတို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တောက်လျှောက်ပဲပစ်တာ။ ၆ ရက်နေ့ နေ့လည်ပိုင်းမှာ ကျနော်တို့ပြန်ဆုတ်လိုက်တယ်” လို့ မြေပြင်မှာရှိနေတဲ့ PDF ရဲဘော်တစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ သင်္ကန်းတုန်းရွာနဲ့ ဝကုန်းရွာတွေမှာ နေအိမ်တွေထဲကို တံခါးတွေရိုက်ဖျက်ပြီးမွှေနှောက်ရှာဖွေခဲ့ကြပြီး ဆိုင်ကယ် ဆယ်စီးနီးပါး၊ တီဗွီတွေ၊ စားသောက်ကုန်ပစ္စည်းတွေ၊ အချိုရည်ပုလင်းတွေ၊ အဝတ်အထည်တွေကအစခိုးယူသွားခဲ့ကြတယ်လို့ဒေသခံတွေကဆိုပါတယ်။

The Tanintharyi Times