ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ပစ်ခတ်လုပ်ကြံခံရလို့ ကွယ်လွန်

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ပစ်ခတ်လုပ်ကြံခံရလို့ ကွယ်လွန်

ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ လာအိုနိုင်ငံမြို့တော်၊ ဗီယင်ကျန်းမှာ ၂၀၁၆ ခုနှစ်က တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ - Japantimes)

ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ကြာဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ ဇူလိုင်လ ၈ ရက် သောကြာနေ့က ဂျပန်နိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ နာရာမြို့မှာ မဲဆွယ်ဟောပြောနေစဉ် သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်လုပ်ကြံခံရပြီးနောက် ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဂျပန်အစိုးရ တာဝန်ရှိသူတွေက အတည်ပြုလိုက်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ဂျပန်အထက်လွှတ်တော် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် သူ့ရဲ့ LDP ပါတီက အမတ်လောင်းတစ်ဦးအတွက် မဲဆွယ်စည်းရုံး ဟောပြောနေစဉ် သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။

ဂျပန်အနောက်ပိုင်း နာရာမြို့မှာ သောကြာနေ့မှာ ပြုလုပ်မယ့် မဲဆွယ်ဟောပြောမှု ခရီးစဉ်ကို ကြာသပတေးနေ့ ညနေပိုင်းမှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး မဲဆွယ်ဟောပြောမှု စတင်ချိန် မိနစ်ပိုင်းမှာပဲ သေနတ်သမားက စောင့်ဆိုင်း ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

သောကြာနေ့မနက်က အခင်းဖြစ်ပွားရာနေရာမှာ ယာမာဂါမီလို့ အမည်ရတဲ့ နာရာမြို့ခံ အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို လုံခြုံရေးအဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သူဟာ ဝန်ကြီးချုပ်ဟောင်း အာဘေးအပေါ် မကျေနပ်မှုတွေရှိလို့ လုပ်ကြံသတ်ဖြတ်တာလို့ ဝန်ခံခဲ့ပါတယ်။

ယာမာဂါမီဟာ ဂျပန်ရေတပ်မှာ ၂၀၀၅ ခုနှစ်အထိ သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း သိရပြီး ဝန်ကြီးချုပ်ဟောင်းကို ပစ်ခတ်ရာမှာ အသုံးပြုခဲ့တဲ့ သေနတ်ကတော့ လက်လုပ်သေနတ်ဖြစ်ပုံရတယ်လို့ ကနဦး သတင်းတွေက ဆိုပါတယ်။

ဝန်ကြီးချုပ်ဟောင်းဟာ လည်ပင်းနဲ့ ရင်ဘတ် နှစ်နေရာမှာ သေနတ်နှစ်ချက် ထိမှန် လဲကျခဲ့ပြီး အခင်းဖြစ်နေရာမှာပဲ နှလုံးရပ်ကာ သတိမေ့သွားခဲ့တာ ဖြစ်ပါတယ်။

တာဝန်ရှိသူတွေက ရဟတ်ယာဉ်နဲ့ ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ပေမဲ့ သတိပြန်ရမလာတော့ဘဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

သေနတ်ပစ်ခတ် လုပ်ကြံမှု ဖြစ်ပွားနေချိန်မှာ လက်ရှိ ဂျပန်ဝန်ကြီးချုပ်ဖြစ်သူ ကီရှီဒါဟာလည်း မဲဆွယ်စည်းရုံးရေး ခရီးထွက်နေချိန်ဖြစ်ပြီး သေနတ်ပစ်ခံရတဲ့သတင်းကို ကြားတာနဲ့ ချက်ချင်းပဲ တိုကျိုမြို့တော်က ဝန်ကြီးချုပ်ရုံးကို လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ အဆင့်ဆင့် ပြန်လာခဲ့ပါတယ်။

ဝန်ကြီးချုပ်ရုံးကို ရောက်ပြီး မိနစ်အနည်းငယ်ကြာပြီးနောက် မစ္စတာ ကီရှီဒါက သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပြီး ပစ်ခတ်လုပ်ကြံမှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သလို ဝန်ကြီးချုပ်ဟောင်းကို ကယ်တင်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေကြောင်းနဲ့ အခြေအနေက စိုးရိမ်ရကြောင်း ပြောခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ ဂျပန်ဝန်ကြီးချုပ်အဖြစ် သက်တမ်းနှစ်ကြိမ်တိုင် တာဝန်ထမ်းဆောင်ခဲ့ပြီး အသက် ၅၂ နှစ်အရွယ် ၂၀၀၆ ခုနှစ်မှာ ပထမအကြိမ် ဝန်ကြီးချုပ်ဖြစ်လာကာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အသက်အငယ်ဆုံး ဂျပန်ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဝန်ကြီးချုပ်ဖြစ်လာပြီး တစ်နှစ်အကြာမှာတော့ သူ့ရဲ့ LDP ပါတီဟာ ဂျပန်အထက်လွှတ်တော် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး အာဘေးဟာလည်း ကျန်းမာရေး ဆိုးရွားလာတာကြောင့် ရာထူးမှ နုတ်ထွက် အနားယူခဲ့ပါတယ်။

အဲဒီနောက် ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန်လာပြီး ၂၀၁၂ ခုနှစ်မှာ LDP ပါတီရဲ့ ရွေးကောက်ပွဲ တစ်ခဲနက် အနိုင်ရမှုနဲ့ အတူ ဒုတိယအကြိမ် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

ဂျပန်သမိုင်းမှာ ဩဇာအကြီးဆုံး ဝန်ကြီးချုပ်တစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့ ရှင်ဇိုအာဘေးဟာ ၂၀၂၀ ပြည့်နှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်တမ်းနှစ်ဆက်ပေါင်း ကိုးနှစ်တိုင်တိုင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ကာ ဂျပန်ရဲ့ သက်တမ်းအရှည်ကြာဆုံး ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။

ရှင်ဇိုအာဘေးဟာ ၂၀၂၀ ပြည့်နှစ်မှာတော့ ကျန်းမာရေး ဆိုးရွားလာတဲ့အတွက် ဒုတိယအကြိမ် ဝန်ကြီးချုပ် အဖြစ်က နုတ်ထွက်အနားယူခဲ့ရပါတယ်။

ဒါပေမဲ့ LDP ပါတီမှာတော့ မစ္စတာ အာဘေးက အင်အားအကြီးဆုံး အစုအဖွဲ့ကို ဦးဆောင်ထားဆဲဖြစ်ပြီး ဂျပန်နိုင်ငံရေးမှာ သူ့ရဲ့ ကြီးမားတဲ့ ဩဇာကို ထိန်းထားနိုင်သူ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ နိုင်ငံရေးမျိုးရိုးကနေ ဆင်းသက်လာသူဖြစ်ပြီး အဘိုးဖြစ်သူ ကီရှီ နိုဘူဆူကဲဟာ ၁၉၅၇ ခုနှစ်ကနေ ၁၉၆၀ ပြည့်နှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို အဖေဖြစ်သူဟာလည်း နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ သေနတ်ကိုင်ဆောင်ခွင့်ကို အထူးတင်းကြပ်ထားပြီး ၂၀၂၁ ခုနှစ်အတွင်းမှာ သေနတ်ပစ်ခတ် အကြမ်းဖက်မှု စုစုပေါင်း ၁၀ ကြိမ်သာရှိခဲ့ကာ သေဆုံးသူ တစ်ဦးသာရှိတယ်လို့ ဂျပန်သတင်းတွေက ဖော်ပြပါတယ်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ၂၀၁၃ ခုနှစ် မေလ ၂၄ ရက်ကနေ ၂၆ ရက်အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး နှစ်ပေါင်း ၃၆ နှစ်အတွင်း မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ ဂျပန်ဝန်ကြီးချုပ် ဖြစ်ပါတယ်။

သူ့ရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာကို ချေးငွေနဲ့ ထောက်ပံ့ငွေ စုစုပေါင်း ဂျပန်ယန်းငွေ ၉၁ ဘီလီယံ ပေးအပ်ဖို့ ကတိပြုခဲ့ပါတယ်။

The Tanintharyi Times