သထုံခရိုင်အတွင်း စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့အပေါ် ဒေသခံလူငယ်တွေ ကန့်ကွက်ရှုံချ

သထုံခရိုင်အတွင်း စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့အပေါ် ဒေသခံလူငယ်တွေ ကန့်ကွက်ရှုံချ

ဓာတ်ပုံ - ကေအဲန်ယူဗဟို

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းမှာ စစ်ကောင်စီတပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ မတရားမှုတွေ ကျူးလွန်နေတဲ့အပေါ် ဒေသခံလူငယ်တွေက ကန့်ကွက်ရှုံချတဲ့လှုပ်ရှားမှုဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကောင်စီဟာ သထုံခရိုင်အတွင်းမှာ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်တာ၊ လူနေအိမ်တွေကို မီးရှို့တာ၊ ပြည်သူလူထုရဲ့ ပစ္စည်းတွေကို ခိုးယူတာ၊ ဓားပြတိုက်တာ၊ ဒေသခံတွေကို ပေါ်တာဆွဲတာ နဲ့ လူသားဒိုင်းအဖြစ် အသုံးချတာတွေကို ပြုလုပ်နေတယ် လို့ ကေအဲန်ယူ ဗဟိုကဆိုပါတယ်။

စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ တပ်တွေဟာ ဇွန်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိ ကေအဲန်ယူ ဘီးလင်းမြို့နယ်အတွင်းကို နယ်မြေကျူးကျော်လာတဲ့ ၁၅ ရက်တာကာလမှာ ဒေသခံ ရွာသား ၂၂ဦးကို စစ်ကြောင်းတလျှောက် ပေါ်တာထမ်းဖို့နဲ့ လူသားဒိုင်းအဖြစ်အသုံးပြုဖို့ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

ဇွန်လ ၂၅ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေက ကေအဲန်ယူ-သထုံမြို့နယ်အုပ်ချုပ်နယ်မြေအတွင်းက ထုံးဘိုလေးကျေးရွာကို မီးတင်ရှို့ခဲ့တာကြောင့် လူနေအိမ် ၆၁ လုံး မီးလောင်ပြာကျခဲ့ပြီး ဘုန်းတော်ကြီးကျောင်း နဲ့ ကျေးရွာစာသင်ကျောင်းလည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရွာသား ၃ ဦးကိုလည်း စစ်ကောင်စီတပ်တွေက သတ်ဖြတ်ခဲ့ကြတယ် လို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

The Tanintharyi Times