စစ်ကောင်စီတပ်က ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ဝကုန်းနဲ့ သင်္ကန်းတုန်းရွာသားတွေထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီတပ်က ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ဝကုန်းနဲ့ သင်္ကန်းတုန်းရွာသားတွေထွက်ပြေးတိမ်းရှောင်နေရ

ထားဝယ်မြို့ဘက်ကနေ ထီးခီးဘက်ကိုဦးတည်လာတဲ့စစ်ကောင်စီယာဥ်တန်းကနေ လမ်းပေါ်မှာရှိတဲ့ရွာတွေဖြစ်တဲ့ သင်္ကန်းတုန်း၊ ဝကုန်းရွာတွေဘက်ကိုလက်နက်ကြီးနဲ့အဆက်မပြတ်ပစ်ခတ်နေလို့ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။

လူအင်အားနှစ်ရာနီးပါးလိုက်ပါလာတဲ့ ကား ၁၄ စီးပါ စစ်ကောင်စီယာဥ်တန်းဟာ ထားဝယ်မြို့ကနေ ဇူလိုင်လ ၄ ရက်နေ့ကထွက်ခွာလာတာဖြစ်ပါတယ်။

ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းမှာ သင်္ကန်းတုန်းရွာအနီးကိုရောက်ရှိလာပြီး ဒီနေ့မနက်ပိုင်းလက်ရှိအချိန်အထိ အဲဒီနေရာမှာပဲရှိနေသေးတယ်လို့ သိရပါတယ်။

လက်ရှိရောက်နေတဲ့နေရာမှာ တိုက်ခိုက်ခံရတာတွေရှိနေလို့ ရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

“ဒီနေ့မနက်ပိုင်းပစ်နေတာတောင် အချက်နှစ်ဆယ်ကျော်ပြီ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အဲဒီယာဥ်တန်းက ပစ်ခတ်တာတွေအပြင် ရမ္မဇူရွာဘက်ကနေ အမြောက်တွေနဲ့ပစ်ခတ်နေတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်တွေအရသိရပါတယ်။

လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်နေလို့ ဝကုန်းရွာနဲ့ သင်္ကန်းတုန်းရွာကဒေသခံအများအပြားထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

သင်္ကန်းတုန်းရွာအနီးရောက်ရှိနေတဲ့ စစ်ကောင်စီယာဥ်တန်းဟာ ထိုင်းနယ်စပ် ထီးခီးဒေသကို စစ်ကူသွားရောက်မယ့်ယာဥ်တန်းဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

The Tanintharyi Times