မြန်မာပြည်သူတွေကို အားပေးထောက်ခံဖို့ သန္နိဌာန်ချထားဆဲလို့ အမေရိကန် သံအမတ်ကြီးပြော
မြန်မာပြည်သူတွေကို အားပေးထောက်ခံဖို့ သန္နိဌာန်ချထားဆဲလို့ အမေရိကန် သံအမတ်ကြီးပြော
တာဝန်ထမ်းဆောင်မှု ပြီးဆုံးလို့ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာတော့မယ် အမေရိကန် သံအမတ်ကြီး သောမတ်စ် ဗိုက်ဒါက မြန်မာပြည်သူတွေကို အားပေးထောက်ခံဖို့ အမေရိကန်ပြည်ထောင်စုက သန္နိဌာန်ချထားဆဲဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
စစ်အာဏာ မသိမ်းခင် ရက်ပိုင်းအလိုမှာ သမ္မတ ဦးဝင်းမြင့်ထံ သံအမတ် ခန့်အပ်လွှာပေးပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဖြစ်လာတဲ့ သောမတ်စ် ဗိုက်ဒါဟာ နှစ်နှစ်ခန့် အကြာမှာပဲ ပြည်တော်ပြန်ဖို့ ဖြစ်လာတာပါ။
သမ္မတဦးဝင်းမြင့်နဲ့ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ၂၀၂၁ ဇန်နဝါရီ ၁၉ မှာ သံအမတ်ခန့်အပ်လွှာကို ပေးအပ်နိုင်ခဲ့တာဟာ ဆုလာဘ်ကြီးတစ်ခု ဖြစ်ကြောင်း သံအမတ်ကြီးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်တာကာလမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတာကို ဂုဏ်ယူကြောင်းလည်း သူက ဆိုပါတယ်။
စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး အကြမ်းဖက်မှုနဲ့ ဖိနှိပ်ချုပ်ခြယ်မှုလမ်းစဉ်ကို ကျင့်သုံးနေတဲ့ လက်ရှိ အခြေအနေဟာ လူတိုင်းအတွက် ခက်ခဲကြောင်း သံအမတ်ကြီးက ဆက်ပြောပါတယ်။
“အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ မိမိတို့အနာဂတ်ကို မိမိတို့ ဆုံးဖြတ်နိုင်ခွင့်တွေကို လိုလားတောင့်တနေကြတဲ့ မြန်မာပြည်သူတွေကို အားပေးထောက်ခံဖို့ အမေရိကန်ပြည်ထောင်စုက သန္နိဌာန်ချထားဆဲပါ” လို့ သူက ပြောပါတယ်။
ဒါ့အပြင် အာဏာရှင်အဖွဲ့အစည်းအပေါ် သံတမန်ရေးနဲ့ စီးပွားရေးအရ ဖိအားပေးဖို့၊ ယခင်က သူတို့ ကျူးလွန်ခဲ့တာတွေနဲ့ ဆက်လက်ပြီး ကျူးလွန်နေတဲ့ နှိပ်စက်ကလူပြုမှုတွေအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ နိုင်ငံတကာက မိတ်ဖက်တွေနဲ့အတူ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း သောမတ်စ် ဗိုက်ဒါက ဆိုပါတယ်။
သံအမတ်ကြီး ဗိုက်ဒါရဲ့ နေရာအတွက် လက်ရှိ သံရုံး ဒုတိယ အကြီးအကဲကို ယာယီတာဝန်ခံ အဖြစ် ထားရှိမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောထားပါတယ်။
ဒါဟာ စစ်ကောင်စီ လက်ထက်မှာ သံအမတ်ကြီး အဆင့် မလွှတ်တော့ဘဲ သံရုံး ယာယီတာဝန်ခံသာ ထားပြီး သံတမန် အဆင့် လျှော့ချ ဆက်ဆံမယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။
တစ်ဘက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေကို ကူညီဖို့အချက်တွေ ပါဝင်တယ်ဆိုတဲ့ အမေရိကန််ရဲ့ကာကွယ်ရေး အသုံးစရိတ် ဥပဒေမူကြမ်း (NDAA) ကို အမေရိကန် လွှတ်တော်နှစ်ရပ်က ယခုလထဲမှာ အတည်ပြုထားပါတယ်။
The Tanintharyi Times
