မြန်မာစစ်တပ်ရဲ့ စာသင်ကျောင်းကို တိုက်ခိုက်မှုကြောင့် ကလေး ၁၁ဦး အပါအဝင် ၁၃ ဦး သေဆုံးမှုကို ကုလအတွင်းရေးမှူးချုပ် ပြင်းပြင်းထန်ထန် ရှုတ်ချ
မြန်မာစစ်တပ်ရဲ့ စာသင်ကျောင်းကို တိုက်ခိုက်မှုကြောင့် ကလေး ၁၁ဦး အပါအဝင် ၁၃ ဦး သေဆုံးမှုကို ကုလအတွင်းရေးမှူးချုပ် ပြင်းပြင်းထန်ထန် ရှုတ်ချ
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လယ်ယက်ကုန်းကျေးရွာက စာသင်ကျောင်းတစ်ခုကို ပြီးခဲ့တဲ့စက်တင်ဘာလ ၁၆ ရက်နေ့က အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၁ ဦး အပါအဝင် လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့မှုအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ပြန်ပြောဆို လိုက်ပါတယ်။
စာသင်ကျောင်းတွေ လုံခြုံမှုရှိရမှာဖြစ်ပြီး အဆိုပါနေရာတွေကို မတိုက်ခိုက်ကြဖို့နဲ့ ကျောင်းတွေ ဆေးရုံတွေကို တိုက်ခိုက်တာဟာ လုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန် ရှုတ်ချတဲ့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးတွေအပေါ် ဆိုးရွားတဲ့ ချိုးဖောက်မှု ခြောက်ခုအနက် တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ တိုက်ပွဲဝင်သူတွေဟာ ကလေးငယ်တွေ ဒါမှမဟုတ် အရပ်သားပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေအပါအဝင် အရပ်သားတွေကို တိုက်ရိုက်တိုက်ခိုက်တာတွေမလုပ်ရဘူးလို့လည်း ကုလ အထွေထွေအတွင်းရေးမှူးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့ ထိခိုက်သေဆုံးခဲ့ရသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ လွန်စွာဝမ်းနည်းကြေကွဲရပြီး မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေနဲ့ ပြစ်မှု ကျူးလွန်ခဲ့သူအားလုံး တာဝန်ခံမှုရှိစေဖို ဆောင်ရွက်ရမယ်လို့လည်း ဆိုပါတယ်။
The Tanintharyi Times
