စစ်တပ်နဲ့ဆက်နွယ်တဲ့ ကုမ္ပဏီတွေကို ဗြိတိန်က ထပ်မံပိတ်ဆို့အရေးယူ

စစ်တပ်နဲ့ဆက်နွယ်တဲ့ ကုမ္ပဏီတွေကို ဗြိတိန်က ထပ်မံပိတ်ဆို့အရေးယူ

ပုံ - International Gateways Group of Companies Limited (IGG) နဲ့ Star Sapphire Group of Companies ရဲ့ စစ်တပ်နဲ့ ဆက်နွယ်ပတ်သက်မှုတွေကို Justice for Myanmar က Infograph နဲ့ ဖော်ပြထားတာဖြစ်ပါတယ်။

မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထား အရေးယူမှုအဖြစ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှု အသစ်တွေကို ဗြိတိန်အစိုးရက ဩဂုတ်လ ၂၅ ရက် ဒီကနေ့မှာ ကြေညာလိုက်ပါတယ်။

အဲဒီလို ထပ်တိုး ပိတ်ဆို့အရေးယူခံရတဲ့ စာရင်းမှာ Star Sapphire Group of Companies၊ International Gateways Group of Companies Limited (IGG) နဲ့ Sky One ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့ ပါဝင်တာကို တွေ့ရပါတယ်။

မြန်မာစစ်တပ်ကို လက်နက်နဲ့ ဝင်ငွေတွေ မရအောင် ကန့်သတ်ဖို့အတွက် အခုလို အရေးယူတာဖြစ်တယ်လို့ ဗြိတိန်အစိုးရက ဆိုပါတယ်။

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို လူမျိုးတုံး သုတ်သင်ရှင်းလင်းမှု ၅ နှစ်မြောက် နှစ်ပတ်လည်အဖြစ် အခုလို ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်တာဖြစ်ကြောင်းနဲ့ ရိုဟင်ဂျာအရေး ICJ တရားရုံးမှာ ဂမ်ဘီယာက တရားစွဲဆိုထားမှုကိုလည်း ဝင်ရောက်စွက်ဖက် ဆောင်ရွက်သွားမယ်လို့ အာရှရေးရာဝန်ကြီး အမန်ဒါ မေးလ်လင်းက ပြောပါတယ်။

ဗြိတိန်က မြန်မာစစ်တပ်နဲ့ ပတ်သက်လို့ အခုလို အရေးယူပိတ်ဆို့မှုအသစ်တွေ မချမှတ်မီ တစ်ရက်အလို ယမန်နေ့ညက မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း မစ္စ ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းကို စစ်ကောင်စီက ရန်ကုန်မြို့မှာ ဖမ်းဆီးခဲ့ပြီး ဒါဟာ ဗြိတိန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေအပေါ် တုန့်ပြန်ချင်တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းသူတွေ ရှိပါတယ်။

ကိုးကား – ရိုက်တာ

The Tanintharyi Times