ပါပါရာဇီဘုရင်ကြီး
ပါပါရာဇီဘုရင်ကြီး
(အက်ဆေး/ခေတ်ပြိုင်ဘဝများ)
သူဟာဇီးကွက်တစ်ကောင်ပါ။ ညမှောင်လာရင်သူအစာရှာထွက်ပြီ။ ရောမမြို့ကြီးရဲ့လမ်းတွေပေါ်မှာ တက္ကစီတစ်စီးနဲ့သူလှည့်ပြီးသားကောင်ကိုချောင်းနေလေ့ရှိတယ်။ သူနဲ့အတူကြီးမားတဲ့ကင်မရာအိတ် တစ်လုံးလည်းပါလာမယ်။မျက်စိလည်လမ်းမှားပြီးထွက်လာတဲ့ဆယ်လီနဲ့တွေ့ပြီဆိုရင်တော့ သူ့ကင်မရာ ရိုက်ချက်တွေကစက်သေနတ်ပစ်သလို ကျည်တွေတရစပ်ထွက်လာတော့တာပဲ။
သူ့နာမည်ကရီနိုဘာရီလာရီပါ။ အသက် ၈၀ ရှိပါပြီ။ ဒီအလုပ်ကိုလုပ်တာ ၆၅ နှစ် ရှိပြီ။ သူဟာအခုအချိန်အထိအနားမယူနိုင်သေးတဲ့ ဇီးကွက်အိုကြီးတစ်ကောင်ပါပဲ။ ဘီလ်ကလင်တန်ကစလို့၊ ဖရန့်စင်နာထရာ၊ ဆိုဖီယာလောရင်း၊ မိုင်လေဆိုင်းရပ်စ်နဲ့လေဒီဂါဂါအထိ သူ့ကင်မရာက မလွတ်ခဲ့ကြပါဘူး။ သူ့ကိုအီတလီမှာ”ပါပါရာဇီဘုရင်ကြီး”လို့ခေါ်ကြပါတယ်။
တက္ကစီထဲမှာထိုင်ရင်း သားကောင်ကိုရှာနေပေမယ့် သူမျက်လုံးက တစ်ချက်တစ်ချက်မိုဘိုင်းဖုန်းကိုလှမ်းကြည့်နေမယ်။ သူ့ရဲ့သတင်းပေးအယောက် ၅၀၀ ထဲကဘယ်သူ သူ့ကိုအချက်ပြမလဲလို့မပြတ်ကြည့်နေရတယ်။ သူ့သတင်းပေးတွေထဲမှာ ဟိုတယ်ဝန်ထမ်းတွေ၊စားသောက်ဆိုင်စားပွဲထိုးတွေ၊ ပန်းရောင်းသူ တွေ၊ ဇိမ်ခံကားမောင်းသူတွေအကုန်ရှိပါတယ်။
“ဒီအလုပ်ကအတော်ခက်တယ်။ ခင်ဗျားမှာသတင်းပေးမရှိရင်၊ ခင်ဗျားဘာမှလုပ်လို့မရဘူး”လို့ဇီးကွက် အိုကြီးက ပြောတယ်။ သူ့အလုပ်တွေထဲမှာရောမမြို့ရဲ့ထင်ရှားတဲ့ ညကလပ်တွေ၊ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေကို သွားရတာလည်းပါတယ်။ ဆယ်လီတစ်ယောက်တစ်လေတွေ့လိုတွေ့ငြားပေါ့။
တစ်ခါတစ်ရံမှာလည်းစိတ်အင်မတန်ရှည်ပြီး တန်ဖိုးကြီးတဲ့သားကောင်ကိုရနိုင်ဖို့ ကြိုးပမ်းရပါတယ်။ “လေဒီဂါဂါနောက်ကိုလိုက်တုန်းက တစ်ပတ်လုံးလုံးကြာခဲ့တယ်”လို့သူကပြန်ပြောပြတယ်။ ဒါပေမယ့် နောက်ဆုံးတော့သူ့ရဲ့အတွေ့အကြုံနဲ့အားထုတ်မှုတွေက လိုချင်တဲ့ရလဒ်တွေကိုဆောင်ကျဉ်းပေးခဲ့တာ များပါတယ်။
သူအသက် ၁၄ နှစ် သားမှာရောမမြို့ကြီးကိုတက်လာခဲ့တယ်။ ကာလာဘရီယာဆိုတဲ့မြို့လေးကနေ ၁၉၅၉မှာထွက်လာခဲ့တာ။ အိပ်မက်တွေအပြည်နဲ့ပေါ့။ အဲဒီအချိန်ကရောမမြို့ကြီးရဲ့ရုပ်ရှင်လောကဟာ အလွန်အသက်ဝင်နေတဲ့အချိန်။ တိုင်ဘာမြစ်ကမ်းပေါ်ကဟောလီးဝုဒ်လို့တင်စားခဲ့ရတဲ့အချိန်ပေါ့။ ဒီအချိန်မှာတက်ကြွနေတဲ့လူငယ်လေးဘာရီလာရီနဲ့ အီတလီဟောလီးဝုဒ်နဲ့တွေကြတာပေါ့။
ဒီလုပ်ငန်းအစမှာတော့ ဆယ်လီတွေကိုရိုက်တာမဟုတ်ပါဘူး။ သူ့မှာကင်မရာတောင်မရှိဘူး။ ဒေသခံ ဓါတ်ပုံဆရာတွေအတွက် ကမ္ဘာလှည့်ခရီးသွားတွေကိုဓါတ်ပုံရိုက်ဖို့ဆွဲဆောင်ပေးရတာ။ နောက်ပိုင်းမှာတော့ကိုယ်တိုင်က ဈေးကွက်ကိုမြင်လာပြီ။ လူတစ်ယာက်ကိုအဝေးကနေ မှန်ဘီလူးနဲ့ဘယ်လိုဆွဲရမလဲ ဆိုတာသိလာပြီ။ သူလိုချင်တဲ့ဓါတ်ပုံကို နည်းမျိုးစုံသုံးပြီး ရိုက်ခဲ့ဖူးပြီ။ ဘုန်းကြီးတစ်ပါးလို၊ ရဲအရာရှိတစ်ယောက်လို ဝတ်စားပြီး သူရိုက်မယ့်ဆယ်လီနားကို ကပ်သွားခဲ့ဖူးပြီ။ကားနောက်ဖုံးထဲကနေပြီး ရိုက်ဖူးသလို၊ သတင်းပေးက လှမ်းပြောရင်လည်း ညစာကိုတစ်ဝက်တစ်ပျက်နဲ့ထား၊ ကင်မရာဆွဲပြီးပြေးရတာလည်းအခါခါပါပဲ။
ဒီအလုပ်ကမလွယ်လှပါဘူး။ ကျင့်ဝတ်ဆိုင်ရာအငြင်းပွားစရာတွေရှိသလို ဥပဒေပိုင်းဆိုင်ရာသတိထား စရာတွေကလည်းများလွန်းလှပါတယ်။ ဘာရီလာရီက တရားရုံးကိုမကြာခဏရောက်ရသူပါ။ ပြီးခဲ့တဲ့ ၂၀၂၄ ကတော့ ဘာရီလာရီတစ်ယောက် ပြင်သစ်ရုပ်ရှင်မင်းသား ဂျရတ်ဒီပါဒီရူးနဲ့အမှုအခင်းဖြစ်ရတယ်။
မင်းသားနဲ့သူ့ချစ်သူတို့ ဘားမှာထိုင်နေတာကိုသူဓါတ်ပုံရိုက်ဖို့လုပ်တဲ့အခါ သူ့ကိုတိုက်ခိုက်ကြလို့ပါ။ ဘာရီလာရီကစပြီး တရားစွဲတာပါ။ တရားရုံးမှာသူကလျှောက်လဲပါတယ်။ အများစိတ်ဝင်စားတဲ့လူတစ်ယောက်ကို အများပြည်သူနဲ့ဆိုင်တဲ့နေရာမှာဓါတ်ပုံရိုက်တာဟာ အပြစ်မဟုတ်ပါဘူးတဲ့။ဒီအလုပ်က ရုပ်ပိုင်းဆိုင်ရာအန္တရာယ်လည်းရှိတာအမှန်ပါ။ ဆယ်လီတွေနောက်မှာ လုံခြုံရေးဝန်ထမ်းတွေ၊ လက်ဝှေ့သမားတွေပါလာလေ့ရှိပါတယ်။ယုံချင်ယုံ၊မယုံချင်နေ၊ ဘာရီလာရီဟာသူ့အလုပ်ကြောင့် ဆေးရုံကအရေးပေါ်အခန်းကိုအကြိမ် ၁၆၀ ရောက်ဖူးပြီး နံရိုး ၁၁ ချောင်း ကျိုးဖူးသူပါ။ဓါးနဲ့တစ်ကြိမ်အထိုးခံရပြီး၊ သူ့ကင်မရာအလုံးပေါင်း၇၆လုံး ရိုက်ခွဲခံခဲ့ရဖူးပါတယ်။
သူ့ကိုတိုက်ခိုက်ကြတဲ့သူတွေထဲမှာ အဆိုတော်ဘာဘရာစထရိုက်ဆင်ရဲ့ ဘော်ဒီဂတ်လည်းပါဖူးတယ်။
(ကွယ်လွန်သူ)ဒုတိယအဲလိဇဘက်ဘုရင်မကြီးရဲ့ညီအမဖြစ်တဲ့ မင်းသမီးမာဂရက်ကိုဓါတ်ပုံရိုက်တုန်းကတော့ သူ့ကို သက်တော်စောင့်တွေကတိုက်ခိုက်ခဲ့ကြတဲ့အပြင် သူ့ကင်မရာကိုဆွဲယူသွားကြတယ်။ ”ကံကောင်းစွာနဲ့ ဖလင်လိပ်ကိုအောက်ခံဘောင်းဘီထဲ အချိန်မီဖွက်နိုင်ခဲ့တယ်”လို့ သူကအရသာရှိရှိပြန်ပြောပြတယ်။
တဖြည်းဖြည်းနဲ့ ဘာရီလာရီကိုယ်တိုင်က ဆယ်လီဖြစ်လာပါတော့တယ်။ ရောမမြို့ရဲ့ထင်ရှားတဲ့ စားသောက်ဆိုင်တစ်ဆိုင်ဖြစ်တဲ့ De Luigi မှာသူရိုက်ကူးခဲ့တဲ့ဓါတ်ပုံတွေကို တခမ်းတနားချိတ်ထားတယ်။ ရောမမြို့ကိုလာတဲ့ဆယ်လီတချို့က သူနဲ့တွဲပြီးဓါတ်ပုံရိုက်ခံချင်ကြတယ်။ အမေရိကန်ပါပါရာဇီတွေနဲ့ရန်ဖြစ်လေ့ရှိတဲ့ ရုပ်ရှင်မင်းသားအလက်ဘော်လ်ဒွင်တောင် သူနဲ့တွဲရိုက်ထားတဲ့ပုံကို ဆိုရှယ်မီဒီယာမှာတင်ခဲ့တယ်။ သူနဲ့တွေ့တာကိုဂုဏ်ယူကြတယ်။ သူကိုယ်တိုင်ကအမှတ်တံဆိပ်တစ်ခုဖြစ်လာတယ်ဆိုပါတော့။
သူ့အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်ပြီးသူစိုးရိမ်နေတာတစ်ခုတော့ရှိတယ်။ ပါပါရာဇီဆန့်ကျင်ရေးလေဆာနည်းပညာတွေပေါ်လာတာပါပဲ။ Anti-Paparazzi Laser ဆိုတာက ကင်မရာရှိတဲ့နေရာကို အလိုအလျောက်ရှာဖွေနိုင်ပြီးအင်မတန်ပြင်းထန်တဲ့ အလင်းတန်းတစ်ခုကိုကင်မရာရဲ့မှန်ဘီလူးဆီကို ပစ်လွှတ်လိုက်တာပါ။ကင်မရာလည်း အလုပ်မလုပ်တော့တဲ့အပြင် အထဲကဓါတ်ပုံအားလုံးလည်း ပျက်သွားတော့တာပဲ။ အခန့်မသင့်ရင်ရိုက်ကူးသူရဲ့မျက်လုံးပါထိခိုက်နိုင်ပါသတဲ့။
ရုပ်ရှင်မင်းသားလီယိုနာဒိုဒီကပ်ပရီယိုဆိုရင် ဒီပစ္စည်းကိုဆောင်ထားတာပေါ့။ ဒစ်ဂျစ်တယ်နည်းပညာ ခေတ်မှာပါပါရာဇီတွေသက်ဆိုးရှည်ပါ့မလားလို့သူစိုးရိမ်မိတယ်။
ဒါပေမယ့်လောလောဆယ်မှာတော့သူအလုပ်ဆက်လုပ်နေဦးမယ်။ ဓါတ်ပုံတွေရိုက်ဦးမယ်။တရားရုံးတွေသွားဦးမယ်။ ဆေးရုံကအရေးပေါ်ဌာနကိုလည်းရောက်ဦးမယ်။ အသက် ၈၀ ဆိုတာငယ်ပါသေးတယ် မဟုတ်လား။
(The New York Times က In Rome, The King of Paparazzi Is A Star in His Own Right နဲ့ The Guardian ကအင်တာဗျူးတို့ကအချက်အလက်များကိုရယူပြီးပြန်ရေးပါတယ်။)
The Tanintharyi Times
