အာဏာသိမ်းမှုကြောင့် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဆောင်ရွက်တာတွေ ရပ်ဆိုင်းသွားပြီး စစ်တပ်က တိုင်းပြည်အာဏာကို ချုပ်ကိုင်လိုတဲ့ဆန္ဒသာ ရှိနေဟု KNU ဥက္ကဌပြော
အာဏာသိမ်းမှုကြောင့် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဆောင်ရွက်တာတွေ ရပ်ဆိုင်းသွားပြီး စစ်တပ်က တိုင်းပြည်အာဏာကို ချုပ်ကိုင်လိုတဲ့ဆန္ဒသာ ရှိနေဟု KNU ဥက္ကဌပြော
၂၀၂၁ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့တာကြောင့် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်မှုတွေ အားလုံး ရပ်ဆိုင်းသွားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ စစ်တပ်က တိုင်းပြည်အာဏာကို ချုပ်ကိုင်လိုတဲ့ ဆန္ဒသာ ရှိနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး -KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုလိုက်ပါတယ်။
ဒီကနေ့မှာကျရောက်တဲ့ ၂၇၆၅ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် သဝဏ်လွှာမိန့်ခွန်းမှာ KNUဥက္ကဌက အခုလို ထည့်သွင်းပြောဆိုသွားတာပါ။
စစ်တပ်က အာဏာသိမ်းတာဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်မှာကို လက်မခံနိုင်တာလို့လည်း သူက ဆိုပါတယ်။
” ဒီနေ့ဒီအချိန်မှာ ဗမာစစ်တပ်က ၂၀၂၁ခုနှစ် ဖေဖော်ဝါရီမှာ တိုင်းပြည်အာဏာကို ထပ်မံအဓမ္မ သိမ်းရယူခဲ့ပြန်လို့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်မှုတွေအားလုံး ရပ်ဆိုင်းသွားခဲ့ရပါတယ်၊ ဗမာစစ်တပ်အနေနဲ့ ဒီလိုအဓမ္မ အာဏာသိမ်းမှုဟာ လူမျိုးစုနဲ့ ပြည်သူလူထုတွေလိုလားတဲ့ ဒီနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အနေနဲ့ တည်ထောင်ဖို့ဆိုတာကို လုံးဝလက်မခံနိုင်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြတာဘဲ ဖြစ်ပါတယ်” လို့ KNUဥက္ကဌက ပြောပါတယ်။
စစ်တပ်ဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်းကစလို့ တိုင်းပြည်အာဏာကို အဓမ္မသိမ်းယူကာ စစ်အုပ်ချုပ်ရေးပုံစံအမျိုးမျိုးနဲ့ အုပ်ချုပ်လာခဲ့ပြီး စစ်တပ်အုပ်ချုပ်တာကို လက်မခံဘဲ ကန့်ကွက်ဆန့်ကျင်ကြလို့ အုပ်ချုပ်ရေးပုံစံအမျိုးမျိုး ပြောင်းလဲခဲ့ပေမယ့် မဟာလူမျိုးကြီးဝါဒစစ်အုပ်ချုပ်ရေးကိုတော့ မပစ်ပယ်ခဲ့ဘူးလို့လည်း ဆိုပါတယ်။
ဗမာစစ်တပ်အနေနဲ့ ၂၀၀၈ခုနှစ် အခြေခံဥပဒေက ရေးသား အခွင့်အာဏာပေးထားတဲ့အတိုင်း စစ်တပ်ကနေ ကြီးစိုးချုပ်ကိုင်လိုတဲ့ ဆန္ဒဘဲရှိပြီး အခုအချိန်မှာ စစ်တပ်က အဓမ္မအာဏာသိမ်းထားတာ ၅နှစ်ပြည့်တော့မှာဘဲ ဖြစ်တယ်လို့လဲ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
လက်ရှိမှာ ဗမာစစ်အာဏာရှင်အုပ်စုက ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း အတုအယောင်ရွေးကောက်ပွဲတရပ်ကျင်းပဖို့ ပြင်ဆင်နေပြီး အဓိကရည်ရွယ်ချက်က စစ်တပ်က နိုင်ငံရေးကို အမြဲတမ်း ချုပ်ကိုင်ခြယ်လှယ်ပြီး ထာဝရအာဏာတည်တံခိုင်မြဲနေစေဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကရင်တော်လှန်ရေးရဲ့ ရည်မှန်းချက်ကတော့ အာဏာရှင်ဝါဒနဲ့ အာဏာရှင်ပုံသဏ္ဍာန်အမျိုးမျိုးကို ဆန့်ကျင်တိုက်ဖျက် ဖြိုချ အဆုံးသတ်ပြီး ဒီနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖြစ် တည်ဆောက်သွားဖို့ဖြစ်တယ်လို့လည်း KNUဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက သူ့ရဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် သဝဏ်လွှာမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။
Connect Burma
The Tanintharyi Times
