ထားဝယ်တော်လှန်ရေးတပ်တွေ ပေါင်းစည်းပြီး တစ်ခုတည်းသော ထားဝယ်တပ် တည်ဆောက်မယ်

ထားဝယ်တော်လှန်ရေးတပ်တွေ ပေါင်းစည်းပြီး တစ်ခုတည်းသော ထားဝယ်တပ် တည်ဆောက်မယ်

ဓာတ်ပုံ - ထားဝယ်တော်လှန်ရေးတပ်တစ်ခုဖြစ်တဲ့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ဝင်တွေ။

ထားဝယ်တော်လှန်ရေးတပ်တွေပေါင်းစည်းပြီး တစ်ခုတည်းသော ထားဝယ်တပ်တည်ဆောက်မယ်လို့ ထားဝယ်အမျိုးသားအဆင့် နိုင်ငံရေးပူးပေါင်း ကော်မတီက ထုတ်ပြန်ပါတယ်။

ထားဝယ်အမျိုးသားအဆင့် နိုင်ငံရေးပူးပေါင်းကော်မတီ (Tavoyan National United Political Committee – TNUPC) ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက နောက်ဆုံးပတ်မှာပြုလုပ်ခဲ့တဲ့ ထားဝယ်တော်လှန်ရေးအဖွဲ့တွေရဲ့ မျက်နှာစုံညီ အစည်းအဝေးကနေ တာဝန်ပေးအပ်လိုက်တဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ သိရပါတယ်။

ညီညွတ်သော တော်လှန်ရေးကို လိုလားတောင့်တတဲ့ ထားဝယ်လူထုရဲ့ ဆန္ဒနဲ့အညီ ထားဝယ်တော်လှန်ရေးတပ်တွေ ပေါင်းစည်းပြီး တစ်ခုတည်းသော ထားဝယ်တပ်အဖြစ် စနစ်တကျ တည်ဆောက်မယ်လို့ TNUPC ဆိုပါတယ်။

“လက်ရှိမှာ တစ်ခုတည်းသောတပ်အဖြစ် လုပ်ဆောင်ဖို့အတွက် ဆန္ဒသဘောထားပြုတဲ့ တပ်ဖွဲ့တွေနဲ့ တပ်စုဖွဲ့ရေးကိစ္စတွေကို တစ်ပြိုင်တည်းလုပ်ဆောင်နေပါတယ်” လို့ TNUPC အတွင်းရေးမှူး မယ်ဆုက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

၂၀၂၁ ခုနစ် စစ်တပ် အာဏာသိမ်းပြီးနောက် ထားဝယ်ဒေသမှာ တော်လှန်ရေးတပ်တချို့ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းမှုတွေရှိပေမဲ့ အခုလို အမျိုးသားရေးခေါင်းစဥ်အောက်မှာ ထားဝယ်တော်လှန်ရေးတပ်တွေ ပေါင်းစည်းတာကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ထားဝယ်အမျိုးသားနိုင်ငံရေး ဦးဆောင်မှုနဲ့ အခြေခံမူကို သဘောတူလက်ခံပြီး ထားဝယ်တပ် တည်ဆောက်ရာမှာ ပါဝင်လိုတဲ့ တပ်ဖွဲ့တွေကိုလည်း ကြိုဆိုသွားမယ်လို့ TNUPC က ထုတ်ပြန်ချက်မှာ ဖိတ်ခေါ်ထားပါတယ်။

TNUPC အတွင်းရေးမှူး မယ်ဆုက “ထားဝယ်လူမျိုးတွေဟာ သမိုင်းအရ အထင်အရှား ရှိခဲ့တဲ့ ဖြစ်တည်ခဲ့တဲ့ လူမျိုးတစ်မျိုးဖြစ်တယ်။ ယနေ့ ကျမတို့ ထားဝယ်တမျိုးသားလုံးရဲ့ တော်လှန်ရေးနဲ့အတူ တမျိုးသားလုံးရည်မှန်းချက်ဖြစ်တဲ့ ကိုယ်ကြမ္မာကိုယ်ပြဌာန်း ဖော်ဆောင်ရေးအတွက် နိုင်ငံရေးအရ၊ စစ်ရေးအရ စုစည်းနိုင်ဖို့ ဦးဆောင်နိုင်ဖို့အတွက် ထားဝယ်လူမျိုးတွေ အကြားမှာ ၂၀၂၅ နှစ်စ ကတည်းက တွေ့ဆုံဆွေးနွေးမှုတွေ အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ပါတယ်။ အခြားသော လူမျိုးတွေနဲ့လည်း တန်းတူရည်တူ သဟဇာတဖြစ်စွာ အတူယှဉ်နေထိုင်နိုင်ဖို့ ဖြစ်တယ်။ ခေတ်အဆက်ဆက် အာဏာရှင်တွေ ဘာသာရေး အသုံးချအမြတ်ထုတ်ခဲ့တဲ့ လူမျိုးရေး ဘာသာရေး အစွန်းရောက်မှုတွေကို အတူတကွ မှေးမှိန်ပျောက်ကွယ်သွားအောင် ကြိုးပမ်းဖို့ဖြစ်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် TNUPC ဟာ ထားဝယ်တမျိုးသားလုံးရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေနဲ့ အညီ နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်ကို သတ်မှတ်ကာလအတွင်း တည်ထောင်သွားဖို့ တာဝန်ရှိတယ်လို့ TNUPCရဲ့ အတွင်းရေးမှူးက ရှင်းပြပါတယ်။

ထားဝယ်အမျိုးသားရည်မှန်းချက်တွေကတော့ ထားဝယ်အမျိုးသားတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အာမခံနိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး၊ တရားမျှတမှု၊ လွတ်လပ်မှု၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်မှုကို အခြေခံရေးနဲ့ ထားဝယ်အမျိုးသားအမှတ်လက္ခဏာ၊ ဉာဏ်ပညာကို အခြေခံတဲ့ လူမှုစီးပွားစနစ် ထူထောင်ရေးတို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

The Tanintharyi Times