ယူကရိန်းသမ္မတဇလန်းစကီးကိုဖက်ရှင်ပြောင်းပေးတဲ့ဒီဇိုင်နာ

ယူကရိန်းသမ္မတဇလန်းစကီးကိုဖက်ရှင်ပြောင်းပေးတဲ့ဒီဇိုင်နာ

(အက်ဆေး၊ ခေတ်ပြိုင်ဘဝများ)

ပြီးခဲ့တဲ့ဇန်နဝါရီလက ယူကရိန်းသမ္မတဇလန်းစကီးရဲ့ဇနီးက ဗစ်တာအနီဆီမော့ကို ဆက်သွယ်လာခဲ့ပါတယ်။ သူ့ခင်ပွန်းရဲ့ဖက်ရှင်ကိုအပြောင်းအလဲလုပ်ပေးဖို့ပါပဲ။

ဗစ်တာဟာ ယူကရိန်းနိုင်ငံရဲ့ထိပ်တန်းဒီဇိုင်နာတစ်ဦးဖြစ်တဲ့အပြင် နိုင်ငံတကာအဆင့်မှာလည်း ကျော်ကြားသူဖြစ်ပါတယ်။ တကယ်တော့ သူဟာဇလန်းစကီးနဲ့ စိမ်းသူတစ်ယောက်မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ အနှစ်၂၀ကတည်းက တစ်ချိန်မှာသမ္မတဖြစ်လာမယ့်သူအတွက် ဖက်ရှင်ဒီဇိုင်းတွေပြုလုပ်ပေးခဲ့တာပါ။

အဲဒီအချိန်တုန်းကတော့ ဇလန်းစကီးဟာရုပ်သံမှာ ရယ်ရွှင်ဖွယ်အစီအစဉ်တွေတင်ဆက်နေခဲ့သူပါ။

“အဲဒီတုန်းကကျွန်တော်က အသက်၄၀၊ သူက၂၀ကျော်ပေါ့” လို့ ဗစ်တာကဆိုတယ်။ “သူတို့အဖွဲ့စတိုင်က မမိုက်ဘူးဖြစ်နေတာ။ ဒါနဲ့သူနဲ့ကျွန်တော်ဖုန်းပြောကြတယ်။ နောက်နေ့မှာသူနဲ့ လူချင်းတွေ့ကြတယ်။ တော်တော်ရီစရာကောင်းပါတယ်။ ၂နှစ်လောက် သူတို့စတိုင်အတွက်ကျွန်တော် လုပ်ပေးခဲ့တယ်။ ဒီလိုနဲ့ကျွန်တော်တို့ ခင်မင်မှုကစတင်ခဲ့တာပါ”လို့ Vanity Fair မဂ္ဂဇင်းကို ဗစ်တာက ပြန်ပြောပါတယ်။

သမ္မတဇလန်းစကီးဟာ ရုရှားနဲ့စစ်ပွဲမပြီးဆုံးသရွေ့ ဝတ်စုံပြည့် (Suit)ဝတ်မှာမဟုတ်ဘူးလို့ အကြိမ်ကြိမ် ပြောခဲ့သူပါ။ သူဟာ သူ့တပ်ဖွဲ့တွေနဲ့တစ်သားထဲရှိကြောင်းကိုပြဖို့အတွက် စစ်ရောင်ကိုပဲဝတ်သူပါ။ ဒါပေမယ့် နိုင်ငံတကာသံတမန်စင်မြင့်ပေါ်မှာလိုအပ်လာတဲ့အခါ သမ္မတကတော်နဲ့ရုံးအဖွဲ့က ဗစ်တာကိုဆက်သွယ်လာတာဖြစ်ပါတယ်။

“ကျွန်တော်ပြောရင် သူနားထောင်မှာလို့သူတို့ကထင်ကြတယ်” လို့ ဗစ်တာကနယူးယောက်တိုင်းမ်စ်ကို ပြောပါတယ်။ “သူကသက်တောင့်သက်သာပဲဝတ်ချင်တာ”လို့ဆိုပါတယ်။

အခု အသက်၆၁နှစ်ရှိပြီဖြစ်တဲ့ဗစ်တာဟာ ဒီဇိုင်နာဖြစ်ချင်ခဲ့တာမဟုတ်ပါဘူး။ သူကစစ်သားပဲလုပ်ချင်ခဲ့တာပါ။ သူ့ကိုယူကရိန်းရဲ့မြို့တော် ကိယက်ဗ်နဲ့မိုင်၁၂၀အကွာမှာရှိတဲ့မြို့ငယ်လေးတစ်ခုမှာ မွေးခဲ့တာပါ။ အဲဒီအချိန်တုန်းကတော့ယူကရိန်းဟာဆိုဗီယက်ပြည်ထောင်စုကြီးရဲ့တစ်စိတ်တစ်ပိုင်းပါ။

သူလူငယ်ဘဝမှာ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့စစ်ကျောင်းက ဆင်းလာတဲ့အခါမှာဆိုဗီယက်စစ်တပ်ထဲကိုဝင်ခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲသွားတဲ့အခါမှာတော့ ဗစ်တာက ယူကရိန်းကို ပြန်လာခဲ့ပြီး ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကိုတည်ထောင်လုပ်ကိုင်ခဲ့ပါတယ်။

ဒါပေမယ့်သူ့ရဲ့တီထွင်ဖန်တီးမှုအရည်အသွေးကို သတိထားမိသွားတဲ့ အလှပြင်လုပ်ငန်းပိုင်ရှင်အမျိုးသမီး တစ်ဦးကဗစ်တာကို Ukrainian Fashion Week ပွဲထဲကိုဆွဲသွင်းလာခဲ့ပါတယ်။ Ukrainian Fashion Week ဟာ ယူကရိန်းရဲ့ထိပ်တန်းဖက်ရှင်ပြပွဲကြီးပါပဲ။ ဒီလိုနဲ့ဗစ်တာအနီဆီမော့တစ်ယောက် ထိပ်တန်း ဖက်ရှင်ဒီဇိုင်နာတစ်ဦး ဖြစ်လာခဲ့ပါတယ်။

သူအကြိုက်နှစ်သက်ဆုံးအရောင်ကတော့ အနက်ရောင်ပါ။

ရုရှားက ယူကရိန်းကို၂၀၂၂မှာကျူးကျော်လာတဲ့အခါမှာတော့ ဗစ်တာကြေကွဲခဲ့ရပါတယ်။ သူတာဝန် ထမ်းဆောင်ခဲ့တဲ့စစ်တပ်က သူ့နိုင်ငံကိုကျူးကျော်လာခဲ့ပြီ။ သူ့နိုင်ငံကစစ်ဖြစ်နေတဲ့အချိန်မှာ ဖက်ရှင်လုပ်ငန်းလုပ်နေတာ မသင့်တော်ဘူးလို့ယူဆပြီးစစ်တပ်ယူနီဖေါင်းတွေကိုပဲ သူလုပ်ပေးနေခဲ့တယ်။ စစ်ပွဲကြာမြင့်လာတဲ့အခါတော့ မူလလုပ်ငန်းကို ပြန်လုပ်ရတာပါပဲ။

ပြီးခဲ့တဲ့နှစ်က ပါရီအိုလံပစ်ပွဲမှာ ပြိုင်မယ့်ယူကရိန်းအမျိုးသားမသန်းစွမ်းအားကစားသမားအဖွဲ့အတွက် ဝတ်စုံဒီဇိုင်းကိုသူဖန်တီးပေးခဲ့တယ်။ ဗစ်တာအနီဆီမော့ပြန်လာပြီပေါ့။

သမ္မတကတော်နဲ့အဖွဲ့က ဗစ်တာကိုဇန်နဝါရီလမှာ ဖုန်းဆက်အပြီး ဖေဖေါ်ဝါရီမှာတော့ဇလန်းစကီးရဲ့ အိမ်ဖြူတော်ခရီးစဉ်က ပြဿနာကြီးတစ်ခုဖြစ်လာတော့တာပါပဲ။ သူ့အဝတ်အစားနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်နဲ့အဖွဲ့က နှုတ်သီးထိုးကြတာပါ။ ဒီမှာတင် ဗစ်တာရဲ့တာဝန်ဟာပိုအရေးကြီးလာခဲ့ပါပြီ။

ခေါင်းမာတဲ့ဇလန်စကီးကို အသွင်ပြောင်းဖို့ ဗစ်တာက အဆင့်၃ဆင့်ခွဲပြီး ဗျူဟာချပါတယ်။ ပထမအဆင့်ကတော့ အနက်ရောင်ဂျက်ကက်တစ်ထည်ချုပ်ပေးလိုက်တာပါ။ ဇလန်စကီးသဘောကျတဲ့တိုက်ပွဲဝင်ပုံစံလည်းဖြစ်ပါတယ်။ အောင်မြင်ပါတယ်။ ပြီးခဲ့တဲ့ဧပြီလက ဗာတီကန်မှာ ပုပ်ရဟန်းမင်းဖရန်စစ်ရဲ့ဈာပနမှာ ဇလန်စကီးဝတ်ခဲ့ပါတယ်။

ဒုတိယအဆင့်ကတော့အနက်ရောင်ဘလေဇာကုတ်ကို ချုပ်ပေးလိုက်တာပါ။ ပြီးခဲ့တဲ့ဇွန်လက နေတိုး ထိပ်သီးဆွေးနွေးပွဲမှာ ဇလန်စကီးဝတ်ခဲ့ပါတယ်။

“ဇလန်းစကီးဝတ်စုံပြည့်(Suit) ဝတ်မယ်မဝတ်ဘူး ဆိုတာကို လူတွေအလောင်းအစားတောင်လုပ်ကြ တယ်” လို့ဗစ်တာကပြောပြတယ်။”

လူတွေကသူ့ကိုဖုန်းဆက်ပြီးတောင်မေးကြပါသတဲ့။

တတိယအဆင့်ကိုရောက်ပါပြီ။ နက်ပြာရောင်စစ်စတိုင်ဂျက်ကက်နဲ့အတူ လိုက်ဖက်မယ့်ဘောင်းဘီကို ချုပ်ပေးလိုက်ပါတယ်။ တစ်ပုံစံထဲအနက်ရောင်တစ်စုံကိုလည်းချုပ်ပြီး နှစ်စုံကိုသမ္မတကိုပြလိုက်တယ်။ ဇလန်စကီးက အပြာရောင်ဝတ်စုံကိုငြင်းဆန်ပါတယ်။ “ဒီဝတ်စုံကဖက်ရှင်ကျလွန်းနေတယ်” လို့သူကမှတ်ချက်ချခဲ့တယ်။

အနက်ရောင်ကိုတော့သမ္မတကသဘောကျခဲ့ပါပြီ။

ဒီဇိုင်နာဗစ်တာအနီဆီမော့က အပယ်ခံရတဲ့အပြာရောင်ဂျက်ကက်ရဲ့နောက်မှာ အမှတ်တရလက်မှတ်ထိုးပေးဖို့ဇလန်းစကီးကို တောင်းဆိုခဲ့တယ်။ ”Glory to Ukraine”လို့ရေးသားပြီးသမ္မတက လက်မှတ်ထိုးပေးပါတယ်။ နေ့စွဲလည်းရေးပေးလိုက်ပါတယ်။ “ဩဂုတ်၁၅၊ ၂၀၂၅”။

ဩဂုတ် ၁၈ ကအမေရိကန်သမ္မတထရမ့်နဲ့အိမ်ဖြူတော်မှာတွေ့တဲ့အခါ အဲဒီအနက်ရောင်ဝတ်စုံကိုဝတ်ခဲ့ပါတယ်။ “ယုံတောင်မယုံနိုင်ဘူး”လို့ထရမ့်ကပြောပါတယ်။ “ကြိုက်တယ်ဗျာ၊ ကိုယ့်ကိုကိုယ်ပြန်ကြည့် ပါဦးဗျာ” လို့ထရမ့်က ဇလန်စကီးကိုထပ်ဆင့်ဆိုပြန်တယ်။

ပြီးခဲ့တဲ့စက်တင်ဘာကတော့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒီဝတ်စုံကိုပဲ ဇလန်စကီးဝတ်ခဲ့ပြန်ပါတယ်။ ဒီဇိုင်နာဗစ်တာအနီဆီမော့ အောင်မြင်ခဲ့ပါပြီ။

သူ့မှာနောက်တစ်ဆင့် မျှော်လင့်ချက်ကတော့ကျန်နေပါသေးတယ်။

ယူကရိန်းသမ္မတကို ဝတ်စုံအပြည့်ဝတ်စေဖို့ပဲဖြစ်ပါတယ်။

(The New York Times က Meet the Designer Who Get Zalensky into Suit နဲ့ Vanity Fair က Meet Viktor Anisimov: the Designer Behind Volodymyr Zalensky’s Style Evolution တို့ကအချက်အလက်တွေကိုယူပြီးပြန်ရေးပါတယ်။)

The Tanintharyi Times