စစ်တပ်ရွေးကောက်ပွဲကို ဘယ်သူမှမယုံကြည်ကြောင်း ကုလအတွင်းရေးမှူးချုပ်ပြော
စစ်တပ်ရွေးကောက်ပွဲကို ဘယ်သူမှမယုံကြည်ကြောင်း ကုလအတွင်းရေးမှူးချုပ်ပြော
မြန်မာစစ်အုပ်စု ကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ လက်ရှိမြန်မာနိုင်ငံဖြစ်ပွားနေတဲ့ ဘယ်ပြဿနာ ကိုမဆိုဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ကပြောကြားလိုက်ပါတယ်။
ဒါ့အပြင် လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲတစ်ရပ်ဖြစ်လာမယ်လို့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ယုံကြည်မှာမဟုတ်ကြောင်းပါပြောဆိုခဲ့တာပါ။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က အခုလိုပြောကြားခဲ့တာပါ။
“အဲဒီရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမယ်လို့ ဘယ်သူမှ ယုံမယ်မထင်ပါဘူး။ အဲဒီရွေးကောက်ပွဲတွေက မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အထောက်အကူပြုမယ်လို့ ဘယ်သူမှ လည်းယုံကြည်မနေပါဘူး” လို့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကပြောပါတယ်။
မြန်မာ စစ်တပ်နဲ့ ရွေးကောက်ပွဲကို မေ့ထားပြီး အနေနဲ့ အကြမ်းဖက်မှုတွေရပ်တန့် ဖို့ နဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ တိုးမြှင့်ပေးအပ်နိုင်ဖို့ ကိစ္စတွေကို ပြီးအာရုံစိုက်သင့်တယ်လို့လည်း သူကပြောပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် မြန်မာနိုင်ငံမှာဖြစ်ပွား နေတဲ့ အကြမ်းဖက်မှုတွေ ရှုတ်ချတယ်လို့ ထပ်မံကြေညာခဲ့ပြီး အရပ်သားတွေ အကာအကွယ်ပေးတဲ့ ယန္တရားတွေ ဆောင်ရွက်ရန် နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အတားအဆီးမရှိဝင် ရောက်ခွင့်ပြုဖို့ လည်းတောင်းဆိုခဲ့ပါတယ်။
ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေနဲ့ စစ်တပ် စိတ်ထင်သလိုဖမ်းဆီး ထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ကိုလည်းတောင်းဆိုခဲ့ပါတယ်။
“မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးက လက်လှမ်းမမီသေးဘူး။ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး၊ သန်းပေါင်းများစွာသော ပြည်သူတွေ နေရပ်စွန့်ခွာခဲ့ရသလို၊ လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်တွေကလည်း မြင့်တက်နေပါတယ်” လို့ သူကဆက်ပြောပါတယ်။
လက်ရှိအခြေအနေမှာကျင်းပမယ့် ရွေးကောက်ပွဲကြောင့် မြန်မာလူ့အဖွဲ့ အစည်းအတွင်းအက်ကြောင်းတွေ ပိုမိုဖြစ်ပေါ်စေပြီး မတည်ငြိမ်မှုတွေဆီ ပိုမိုဦးတည်သွားစေနိုင်တယ်လို့လည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကပြောပါတယ်။
ကိုးကား – Jakarta Globe
(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
