“စစ်တပ်က ရုရှားကိုသူဟာ ဒီနယ်‌‌မြေကို ဘယ်လောက်အထိစိုးမိုးထားတယ်ဆိုတာကိုပြချင်တဲ့သ‌ဘော ကိုမြင်တယ် ”

“စစ်တပ်က ရုရှားကိုသူဟာ ဒီနယ်‌‌မြေကို ဘယ်လောက်အထိစိုးမိုးထားတယ်ဆိုတာကိုပြချင်တဲ့သ‌ဘော ကိုမြင်တယ် ”

ထားဝယ်ခရိုင်က နေရာအများစုမှာ ပြီးခဲ့တဲ့လကစလို့ စစ်တပ်က အင်အားအများအပြားသုံးပြီး စစ်ကြောင်းထိုးတာ နေအိမ်မီးရှို့တာတွေကို လုပ်ဆောင်လာပါတယ်။ အဲဒီအခြေအနေကြောင့် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ကားလမ်းပိတ်ပြီး ကုန်စျေးနှုန်းကြီးမြင့်တာတွေ ဖြစ်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ထားဝယ်ခရိုင်မှာ ဘယ်လိုပုံစံနဲ့ စစ်ကြောင်းထိုးနေတာလဲ၊ ဘာကြောင့် အခုလို အင်အားအများအပြားသုံးပြီး စစ်မျက်နှာဖွင့်နေတာပါလဲ။ စတဲ့အချက်တွေအပြင် ထားဝယ်ခရိုင်အတွင်းက စစ်တပ်ကျင်းပမယ့်‌‌‌ရွေးကောက်ပွဲအခြေအနေနဲ့ စစ်မှုထမ်းတပ်သားသစ်စုဆောင်းမှုအခြေအနေတွေ ကိုသိရဖို့ ထားဝယ်ခရိုင်တပ်ပေါင်းစုရဲ့ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ကိုမင်းထက်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

(တောင်ပိုင်းသားတို့အသံ)

မေး – ထားဝယ်ခရိုင်ထဲမှာ စစ်တပ်က အခုလက်ရှိ အင်အားအများအပြားသုံးပြီး စစ်ကြောင်းထိုးတာတွေ နေအိမ်မီးရှို့တာတွေလုပ်နေတာကိုတွေ့ရပါတယ်။ သူတို့ဟာ အင်အားဘယ်လောက်လောက်အထိသုံးပြီး ဘယ်နေရာတွေမှာ စစ်ကြောင်းထိုးတာတွေ နယ်မြေထိန်းချုပ်တာတွေလုပ်နေတာပါလဲ။

ဖြေ – လက်ရှိအချိန်မှာဆိုရင် စစ်တပ်က ထားဝယ်ခရိုင်ထဲမှာ နေရာအများအပြားကို စစ်ကြောင်းထိုးပြီး ထိုးစစ်ဆင်နေတဲ့ကာလလို့ ပြောရမှာပေါ့နော်။ အဓိကကတော့ နေရာငါးခုမှာ အင်အားအများအပြားသုံးပြီး စစ်ကြောင်းထိုးနေတာကို မြင်ရတယ်။ ပထမတခုကတော့ မလွှဲတောင်နဲ့ကလိန်အောင်လမ်းပိုင်းလို့ ပြောလို့ရတဲ့ အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းဖြစ်ပါတယ်။ အဲဒီလမ်းပိုင်းမှာ စစ်ကောင်စီကနေ အင်အားသုံးရာကျော် လေးရာနီးပါးနဲ့ လက်နက်ကြီးတွေကို တောက်လျှောက်သုံးပြီးတော့ စစ်ကြောင်းထိုးနေတဲ့ပါ။ နောက်တစ်ခုကတော့ ‌ရေဖြူနဘုလယ်ဒေသနဲ့ လောင်းလုံးမြို့နယ် မောင်းမကန် လမ်းပိုင်းဖြစ်ပါတယ်။ စစ်ကောင်စီက ထားဝယ်ရေနက်ဆိပ်ကမ်းမှာ အင်အား လေးရာကျော်လောက်ထား ထားပြီး အဲဒီထဲကလှုပ်ရှား စစ်ကြောင်း တစ်ကြောင်းနှစ်ကြောင်းနဲ့ ပတ်ပတ်လည်ကိုလှုပ်ရှားနေ တာရှိပါ တယ်။ နောက်တခုကတော့ ထားဝယ်-ထီးခီးလမ်းပိုင်းလို့ပြောလို့ရတာပေါ့နော်။ ထားဝယ်-ထီးခီးလမ်း မှာဆိုရင်လည်း မေတ္တာ‌ဗျူဟာကုန်းစခန်းရယ်၊ ကျောက်မဲတောင်စခန်းရယ် ပကာရီစခန်းရယ်ဆိုပြီး သုံးခုကျန်နေပါသေးတယ်။ အဲဒီအထိုင်စခန်းသုံးခုပေါင်းရင်လည်း အခုစစ်ကြောင်းမထိုးခင်ကဆို အနည်းဆုံးအင်အား လေးရာနီးပါးရှိပါတယ်။ လက်ရှိကတော့ အဲဒီစခန်းတွေမှာ လက်နက်၊ ရိက္ခာ ပြတ်လပ်တာတွေကိုနဲ့ နယ်မြေရှင်းလင်းဖို့ရည်ရွယ်တယ်လို့ ယူဆရပြီး အင်အား သုံးရာကျော်ခန့်အသုံးပြုပြီး စစ်ကြောင်းထိုးနေပါတယ်။ လေကြောင်းပစ်ကူလည်းသုံးနေပါတယ်။ နောက်တစ်ခုကတော့ ထားဝယ်-သရက်ချောင်းလမ်းပိုင်းလို့ ပြောရမှာပေါ့နော်။ အဲဒီမှာဆိုရင် အင်အား နှစ်ရာကျော်ခန့် စစ်ကြောင်းတစ်ကြောင်းက ထားဝယ်နဲ့ သရက်ချောင်းကြားကို သွားချည်လာချည်နဲ့ စစ်ကြောင်းထိုးနေတာကိုတွေ့ရတယ်။ အဲဒီစစ်ကြောင်းဟာ ပြည်သူလူထုရဲ့ နေအိမ် တစ်ရာနီးပါးကိုမီးရှို့ပြီး ပြည်သူတွေရဲ့ ဥစ္စာပစ္စည်းတွေကိုလည်း လုယူ၊ ဖျက်ဆီးထားပါတယ်။

မေး – စစ်တပ်က အရင်ကထက်အင်အားပိုသုံးလာပြီး စစ်မျက်နှာလည်းပိုဖွင့်လာတာကို မြင်ရတယ်ပေါ့နော်။ ဘာကြောင့် အဲဒီလိုလုပ်ဆောင်လာတယ်လို့ ယူဆပါသလဲ။

ဖြေ – အဓိကကတော့ အချက်လေးချက်ကိုပြောလို့ရမယ်။ ပထမကတော့ ထားဝယ်ရေနက်ဆိပ်ကမ်း ဧရိယာပေါ့နော်၊ စစ်တပ်နဲ့ရုရှားလက်မှတ်ထိုးထားနေရာပေါ့နော်။ အဲတော့ စစ်တပ်က ရုရှားကို သူဟာ ဒီနယ်‌‌မြေကို ဘယ်လောက်အထိစိုးမိုးထားတယ်ဆိုတာကိုပြချင်တဲ့သ‌ဘော ကိုမြင်တယ်။ ပြီးတော့ ထီးခီးနယ်စပ်စခန်းကို စစ်တပ်က ပြန်ရယူချင်တဲ့သဘောကိုတွေ့ရတာပေါ့။ ထီးခီးနယ်စပ်စခန်းဟာ အာဏာမသိမ်းခင်ကတည်းကပ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့ အစိုးရချင်းလက်မှတ်ထိုးထားတဲ့ စခန်းဖြစ်တယ်ပေါ့နော်။ စစ်တပ်စာ နယ်စပ်စခန်းတွေကိုလက်လွှတ်လိုက်ရတဲ့ အနေအထားမှာ အခုရက်ပိုင်း မြဝတီနယ်စပ်စခန်းကို ပြန်လည်ထိန်းချုပ်လိုက်နိုင်တာတွေ့ရတယ်။ အဲဒီလိုပဲ ထီးခီးနယ်စပ်စခန်းကိုလည်း ပြန်လိုချင်တဲ့သဘောခန့်မှန်းမိတယ်။ ဒါကြောင့် လာမယ့်ပွင့်လင်းရာသီမှာ ထီးခီးနယ်စပ်ကို အင်အားအလုံးအရင်းနဲ့ လေကြောင်းပစ်ကူတွေပါသုံးပြီး ပြန်ပြီးထိုးစစ်ဆင်ချင်တဲ့သ‌ဘောရှိတယ်။ နောက်တစ်ခုက နတ်အိမ်တောင်စခန်းကို ‌တော်လှန်ရေးတပ်အများအပြားက ဝိုင်းဝန်းပြီးစစ်ဆင်ရေး ဖော်ဆောင်နေတဲ့ ကာလဖြစ်တယ်။ အဲဒီစခန်းဟာ ထိုင်းအစိုးရနဲ့လည်း နိုင်ငံရေးအရ စကားပြောရမယ့် နေရာဖြစ်တယ်။ ဒါကြောင့် နတ်အိမ်တောင်စခန်းကိုလည်း စစ်တပ်က နိုင်ငံရေးအရရော စီးပွားရေးအရရော ဆုံးရှုံးမခံချင်တဲ့သဘောမှာရှိတယ်။ ဒါကြောင့် လေကြောင်းပစ်ကူတွေ ကြည်းတပ်အင်အားတွေ အများအပြားသုံးပြီး လုပ်ဆောင်နေတယ်။ နောက်တခုက ရွေးကောက်ပွဲပေါ့နော်။ သရက်ချောင်းနဲ့ ထားဝယ်လမ်းပိုင်းဟာ တော်လှန်ရေးတပ်တွေ အမြဲတမ်းလှုပ်ရှားနေတဲ့နေတဲ့နေရာဖြစ်တယ်။ အဲဒီနေရာတွေဟာ ထားဝယ်မြို့နဲ့ မဝေးတဲ့နေရာဖြစ်တယ်။ စစ်တပ်ဟာ ထားဝယ်မြို့ပေါ်မှာ ရွေးကောက်ပွဲကို အဆင်ပြေပြေဖြစ်ဖြစ်‌‌မြောက်မြောက်လုပ်ချင်နေတဲ့ သဘောရှိတယ်။ ဒါကြောင့် တော်လှန်ရေးတပ်ဘက်က ရွေးကောက်ပွဲကို မနှောက်ရှက်နိုင်အောင် ထားဝယ်မြို့ပတ်ပတ်လည်ကို လှည့်ပြီး စစ်ကြောင်းထိုးနေတယ်လို့ ကျနော်တို့ ယူဆမပါတယ်။

မေး – နောက်တခုက အခုနောက်ပိုင်း စစ်တပ်စစ်ကြောင်းထိုးရာမှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သား သစ်တွေအများအပြား သုံးလာတယ်လို့ သိရပါတယ်။ သူတို့နဲ့ ရင်ဆိုင်ရတဲ့ ရှေ့တန်းစစ်မြေပြင်တွေမှာရော ဘယ်လိုတွေကြုံရလဲ။ အရင်ကနဲ့မတူတဲ့ စစ်ကြောင်းပုံစံတွေရောရှိလာပါသလား။

ဖြေ – အခုနောက်ပိုင်းစစ်ကြောင်းထိုးရာမှာ စစ်မှုထမ်းသင်တန်းဆင်းတပ်သားသစ်အများအပြား ကိုသုံးလာတာက တော့ အမှန်ပါပဲ။ သူတို့နဲ့ရင်ဆိုင်ရတဲ့ ‌‌ရှေ့တန်းစစ်မြေပြင်မှာ ဘယ်လိုကြုံတွေ့ရလဲဆို‌တော့ စပြီးတော့ စစ်တပ်စစ်ကြောင်းတွေနဲ့ တိုက်ပွဲဖြစ်ရင် သူတို့ဘက်က‌တော်တော်လေးအထိနာ တာကိုတွေ့ရ တယ်။ အချို့တိုက်ပွဲတွေမှာ ဒီကောင်တွေဖွဲ့စည်းပုံပျက်စီးတာတွေကိုတောင် မြင်ရတာပေါ့နော်။ အရင်ကနဲ့မတူတဲ့ သူတို့စစ်ကြောင်းတွေရဲ့ အားသာချက်တွေကတော့ စစ်မှုထမ်းတပ်သားသစ်အများအပြားနဲ့ ဒရုန်းအများအပြားနဲ့သုံးလာတာကိုတွေ့ရတယ်။ ပြီးတော့ ဒရုန်းတွေနဲ့အတူပါလာတဲ့ ဂျမ်မာစနစ်တွေ ပေါ့နော်။ အဲဒီဂျမ်မာတွေက အရမ်းကိုကောင်းလာတာကိုတွေ့ရပါတယ်။ အဲဒါတွေက စစ်ကောင်စီရဲ့ စစ်ကြောင်းတွေနဲ့ ရင်ဆိုင်ရာမှာ အကြီး မားဆုံးအခက်အခဲလို့ ကျနော်တို့ပြောရမှာပေါ့။

မေး – လက်ရှိမှာ ထားဝယ်မှာ အိမ်ပေါ်အထိတက်ပြီး တပ်သားသစ်စုဆောင်းတာတွေ၊ စစ်ဆေးရေးဂိတ် တွေမှာ ဖမ်းဆီးပြီးတပ်သားသစ်စုဆောင်းတာတွေ ဆိုးဆိုးရွားရွားလုပ်ဆောင်နေပါတယ်။ ဒီအခြေအနေအပေါ်မှာရော ဘာများမှတ်ချက်ပေးချင်ပါသလဲ။ စိုးရိမ်ကြောက်ရွံ့နေကြတဲ့ မြို့ပေါ်ကလူငယ် တွေအနေနဲ့ ဘာတွေလုပ်ဆောင်လို့ရနိုင်မလဲ။

ဖြေ – စစ်တပ်က မြို့ပေါ်မှာ ဆိုးဆိုးရွားရွားတပ်သားသစ်စုဆောင်းပြီး တခြားဒေသ‌တွေကို ပို့ဆောင်နေ တာကို သိထားပါတယ်။ အဲဒီထားဝယ်ဒေသခံတွေ တခြားဒေသ‌တွေက တော်လှန်ရေးတပ်တွေဆီမှာ အလင်းဝင်တာတွေလည်း အများအပြားရှိပါတယ်။ အဲဒီအလင်းဝင်တဲ့သူတွေနဲ့ ကျနော်တို့ ဆက်သွယ် မှုတွေလည်းရှိပါတယ်။ အဲဒါကြောင့် မြို့ပေါ်နဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ နေရာ‌တွေ မှာရှိတဲ့လူငယ်တွေကို ပြောချင်တာကတော့ အတတ်နိုင်ဆုံး စစ်မှုထမ်းစုဆောင်းခံရမှု ကလွတ်ကင်းအောင် သူတို့ထိန်းချုပ်နေရာတွေက ရှောင်ရှားကြဖို့လိုတယ်လို့ပဲ ကျနော့်အနေနဲ့ အကြံပြုချင်ပါတယ်။

မေး – KNU၊ PDF နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်လို့ ထားဝယ်မြို့အရှေ့ဘက်က ထိုင်းနိုင်ငံ နယ်စပ်တစ်ကြောလုံးကို အခုနှစ်လယ်ပိုင်းမှာ စစ်တပ်က လက်လွှတ်ခဲ့ရတယ်ပေါ့နော်။ အဲဒီထဲမှာ တခုတည်းကျန်ရှိနေတဲ့ နတ်အိမ်တောင်စခန်းကိုလည်း တော်လှန်ရေးတပ်တွေဘက်က သိမ်းဖို့ရည်ရွယ်လုပ်ဆောင်တယ်လို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးလည်း ပြောပြလို့ရသလောက် ပြောပြပေးပါဦး။


ဖြေ – နတ်အိမ်တောင်စခန်းအခြေအနေကို ကျနော်သိသလောက်ပြောလို့ရရင်တော့ လောလောဆယ်မှာ KNLA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝိုင်းပတ်ပိတ်ဆို့ထားတယ်လို့ပဲ လောလောဆယ်ဖြေလို့ရပါတယ်ပေါ့နော်။

မေး – စစ်တပ်က အခုနှစ်ကုန်ပိုင်းနဲ့နောက်နှစ်အစမှာ ကျင်းပမယ့်ရွေးကောက်ပွဲအတွက်ရော ထားဝယ်ခရိုင်မှာ ဘာတွေပြင်ဆင်နေတာကို မြင်ရပါသလဲ။ ဘယ်နေရာတွေမှာ စစ်တပ်က ရွေး‌ကောက်ပွဲလုပ်ဆောင်လာနိုင်လဲ။

ဖြေ – ရွေးကောက်ပွဲအတွက်ပြင်ဆင်နေတာကို ကျ‌နော်တို့အနေ့နဲ့ကတော့ သေ‌‌သေချာချာတော့ မသိရသေးဘူးပေါ့နော်။ ကျနော်တို့လည်း သူတို့ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ အဆင့်ပဲရှိပါသေးတယ်။ သူတို့ရွေး‌ကောက်ပွဲလုပ်နိုင်မယ်ဆိုရင်လည်း ထားဝယ်မြို့ပေါ်တစ်ခုမှာပဲ လုပ်နိုင်မယ်လို့ ကျနော်တို့အနေနဲ့ ယူဆထားပါတယ်။

မေး – စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေ၊ တော်လှန်ရေးတပ်တွေအားလုံးကတော့ လက်မခံဘူးပေါ့‌နော်။ အဲဒီအပေါ်မှာ တုန့်ပြန်မှုကရော ဘယ်လိုတွေရှိလာနိုင်ပါသလဲ။ မတူညီတဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြားမှာ‌ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တုန့်ပြန်ဖို့ ဆွေးနွေးသဘောတူထားတာမျိုးရော ရှိပါသလား။

ဖြေ – စစ်ကော်မရှင်ကလုပ်မယ့်ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးမှာရှိတဲ့ တော်လှန်ရေးတပ်တွေလက်မခံတာကို တွေ့ရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကြေညာချက်အမျိုးမျိုးထုတ်နေကြတာကိုလည်း တွေ့ရတယ်ပေါ့နော်။ ဒါပေမဲ့ အကုန်လုံး ဘယ်လိုပူးပေါင်းဆောင်ရွက်ပြီး ရွေးကောက်ပွဲမဖြစ်မြောက်အောင်တားဆီးမလဲဆိုတာကိုတော့ အမှန်တိုင်းပြောရရင် ညှိနှိုင်းထားခြင်းမရှိသေးပါဘူး။

မေး – မကြာခင်မှာ ပွင့်လင်းရာသီပြန်ရောက်လာတော့မယ်။ ပွင့်လင်းရာသီတွေက ကျန်တဲ့အချိန်တွေထက် တိုက်ပွဲတွေပိုမိုပြင်းထန်တတ်တော့ လာမယ့်ပွင့်လင်းရာသီ ဘယ်လိုတွေဖြစ်လာနိုင်ပါသလဲ။

ဖြေ – ကျနော်အနေနဲ့ပြောနိုင်တာကတော့ လာမယ့်ပွင့်လင်းရာသီ ထားဝယ်ခရိုင်ထဲမှာ အရင်နှစ်တွေလိုပဲ တိုက်ပွဲပြင်းထန်ဖို့ရှိပါတယ်။ လောလောဆယ် ပွင့်လင်းရာသီမ‌ရောက်ခင်မှာတောင် စစ်မီးတွေက ထားဝယ်ခရိုင်အနှံ့ တနင်္သာရီတိုင်းအနှံ့မှာတွေ့နေရတော့ လာမယ့်ပွင့်လင်းရာသီဆိုရင် ပိုပြီးတော့ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်လာနိုင်လို့ပဲ ပြောရပါမယ်။

မေး – နောက်ဆုံးအနေနဲ့ စစ်ရေးအခြေအနေ့နဲ့ပတ်သက်ပြီး ထားဝယ်ဒေသက ပြည်သူတွေကို ဘာများဖြည့်စွက်ပြောပြချင်ပါသလဲ။

ဖြေ – လက်ရှိအခြေအနေ ထားဝယ်ခရိုင်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေတာ ပြည်သူလူထုအားလုံး အသိပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကာလတွေကလည်း စစ်အုပ်စုရဲ့ ရေတပ်ကအ‌မြောက်တွေပစ်ခတ် လို့ဖြစ်စေ ‌လေကြောင်းကပစ်ခတ်လို့ဖြစ်စေ ပြည်သူလူထုအများအပြား အသက်အိုးအိမ် စည်းစိမ်ပျက်စီးမှုရှိခဲ့ပါတယ်။ လာမယ့်ပွင့်လင်းရာသီမှာတိုက်ပွဲပိုပြင်းထန်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲသတင်းတွေကို အမြဲနားစွင့်ပြီး တိုက်ပွဲဖြစ်တာနဲ့ တိုက်ပွဲဖြစ်ရာဒေသကနေ စွန့်ခွာဖို့လိုပါတယ်။ ပြီးတော့ လုံးခြုံတဲ့နေရာတစ်ခုကို အတတ်နိုင်ဆုံး တိမ်း‌ရှောင်ဖို့လိုပါတယ်။ နောက်တခုက လေကြောင်းဒဏ်ကို မြန်မာနိုင်ငံအနှံ့မှာ အများအပြားကြုံနေရပြီဖြစ်ပါတယ်။ အဲဒီလေကြောင်းဒဏ်ကြောင့် ပြည်သူလူထုလည်း တနှစ်ထက်တနှစ် အသက်ဆုံးရှုံးမှုတွေ ပိုများလာပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ လာမယ့်ပွင့်လင်းရာသီရောက်ရင် ဗုံးခိုကျင်းတွေကို တတ်နိုင်သလောက်လုပ်ထားဖို့လည်း ကျနော့်အနေနဲ့ အကြံပြုချင်ပါတယ်။

The Tanintharyi Times