စစ်အုပ်စု လက်နက်ပွဲစားတွေကို ဆန်ရှင်ရုပ်သိမ်းတဲ့အပေါ် ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရှုတ်ချ

စစ်အုပ်စု လက်နက်ပွဲစားတွေကို ဆန်ရှင်ရုပ်သိမ်းတဲ့အပေါ် ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရှုတ်ချ

ဒေါ်နယ်ထရမ့် အစိုးရ စစ်ကောင်စီရဲ့ ထောက်တိုင်တွေကို အရေးယူပိတ်ဆို့မှုတွေ ပြန်လည်ရုပ်သိမ်းတဲ့ အပေါ် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အမ်ဒရူးစ်က အပြင်း အထန် ရှုတ်ချလိုက်ပါတယ်။

စစ်အုပ်စုရဲ့ လက်နက်ပွဲစား ၅ ယောက်နဲ့ သူတို့ရဲ့လုပ်ငန်းတချို့အပေါ် အရေးယူပိတ်ဆို့မှုတွေကို အမေရိကန်အစိုးရက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်မှာ ရုပ်သိမ်းလိုက်တာဖြစ်ပြီး “တုန်လှုပ်ဖွယ်ရာ” ဆုံးဖြတ်ချက်ဖြစ်တယ်လို့ တွမ်အန်ဒရူးစ်က ဆိုပါတယ်။

” မြန်မာ့လက်နက်ကုန်တွေနဲ့ စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည်ရုပ်သိမ်းနည်းနဲ့ လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ဖို့ နိုင်ငံတကာက ကြိုးပမ်းနေချိန်မှာ အနှောက်အယှက်မပေးသင့်ပါဘူး။ အခုလုပ်ရပ်က နောက်ကြောင်းပြန်လှည့်တာသာဖြစ်တယ်” လို့ တွမ်အမ်ဒရူးစ်ကပြောပါတယ်။

ဒေါ်နယ်ထရမ့် အစိုးရဟာ စစ်အုပ်စုနဲ့ နက်နက်ရှိုင်းရှိုင်းပတ်သက်ဆက်နွယ်မှုရှိတဲ့ ခရိုနီ လက်နက်ပွဲစား တွေဖြစ်တဲ့ ဂျွန်နသန် မျိုးကျော်သောင်း၊ အောင်လှိုင်ဦး၊ စစ်တိုင်းအောင် နဲ့ တင်လတ်မင်းတို့ကို‌ စီးပွားရေးပိတ်ဆို့မှုတွေက ဖယ်ရှားပေးလိုက်ပါတယ်။

KT Services & Logistics ကုမ္ပဏီပိုင်ရှင် ဂျွန်နသန် မျိုးကျော်သောင်း၊ MCM Group ကုမ္ပဏီပိုင်ရှင် အောင်လှိုင်ဦး၊ Suntac Technologies ကုမ္ပဏီပိုင်ရှင် စစ်တိုင်းအောင်၊ ATOM တယ်လီဖုန်း အော်ပရော ပိုင်ရှင် ဒေါ်တင်လတ်မင်းတို့ကို ထရမ့်အစိုးရရဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဆန်ရှင်ကနေဖယ်ရှားလိုက်တာပါ။

ဒေါ်တင်လတ်မင်းဟာ ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင်သိန်းဝင်းဇော်ရဲ့ ဇနီး ဖြစ်ပြီး စစ်ကောင်စီလက်ထက်မှာ နီးစပ်သော စက်သုံးဆီလုပ်ငန်းနဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေမှာ ပိုနေရာရလာတဲ့ ခရိုနီတစ်ဦးဖြစ်ပါတယ်။

သူတို့ ဇနီးမောင်နှံဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရဲ့ သားသမီးတွေနဲ့ ပူးပေါင်းပြီးနော်ဝေ အခြေစိုက် တယ်လီနော ကုမ္ပဏီကို ဝယ်ယူကာ ATOM လို့ ပြောင်းလဲထူးထောင်ထားသူတွေပါ။

ဆက်လက်ပြီး တွမ်အန်ဒရူးစ်က ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားခံရတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေ ဟာ မြန်မာစစ်အုပ်စုရဲ့ စစ်ဆင်ရေးတွေ အတွက် လက်နက် နဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ တင်သွင်းနေသူတွေ ဖြစ်တယ်လို့ လည်းပြောဆိုပါတယ်။

ထရမ့်ရဲ့ ကုန်သွယ်ခွန်တိုးမြှင့်တဲ့ အကြောင်းကြားစာကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထရမ့် အပေါ် အလွန်အမင်းချီးကျူးပြောဆိုမှုတွေ ပါဝင်တဲ့ အကြောင်းပြန်စာပို့ ပြီးနောက်မှာတော့ အမေရိကန်ရဲ့ ပိတ်ဆို့မှုရုပ်သိမ်းတာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

ထရမ့်ရဲ့ အစိုးရအဖွဲ့ အကြီးတန်းအရာရှိတယောက်ကတော့ ပိတ်ဆို့အရေးယူမှု ဆုံးဖြတ်ချက်ဟာ မင်းအောင်လှိုင်ရဲ့ စာနဲ့ မဆိုင်ကြောင်း ပြောဆိုထားပါတယ်။

ဒါပေမယ့် အချိန်ကိုက်ဖြစ်နေတာကြောင့် အကဲခတ်တွေအတွက်တော့ စိုးရိမ်စရာ ဖြစ်နေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ အာရှ ရေးရာ ဒါရိုက်တာ ကထောက်ပြပါတယ်။

“စိုးရိမ်စရာကောင်းတဲ့ အခြေအနေပါ။ မြန်မာစစ်တပ်ကို အမေရိကန်အစိုးရက အရေးယူထားတဲ့ မူဝါဒကနေ ပြောင်းလဲနေပြီးလားဆိုတာ စဉ်းစားစရာပဲ” လို့ HRW ရဲ့ အာရှရေးရာ ဒါရိုက်တာ ဂျွန် ဆစ်ဖ်တန် ကပြောပါတယ်။

ကိုးကား – အယ်ဂျားဇီးယား

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times