ရုရှားတွေကို သမိုင်းပြန်သင်ပေးတဲ့ ယူကရိန်းကျောင်းဆရာ
ရုရှားတွေကို သမိုင်းပြန်သင်ပေးတဲ့ ယူကရိန်းကျောင်းဆရာ
(ခေတ်ပြိုင်ဘဝများ)
ဗိုင်တာလီ ဒရစ်နစ်ရှာဟာ အသက်၅၉နှစ်ရှိပြီဖြစ်တဲ့ ယူကရိန်းကကျောင်းဆရာတစ်ဦးပါ။ နေ့တိုင်း သူလုပ်တဲ့အလုပ်ကတော့ ချတ်ရူးလက် (Chatroulette) လို့ခေါ်တဲ့ အွန်လိုင်းပလက်ဖေါင်းကတစ်ဆင့် လူတွေကို သမိုင်းနဲ့ပတ်သက်ပြီး ဆွေးနွေးပေးတာဖြစ်ပါတယ်။
သူဆွေးနွေးပေးတဲ့လူအများစုက ရုရှားတွေဖြစ်ပြီး သူဆွေးနွေးတဲ့အကြောင်းအရာကတော့ ယူကရိန်းနိုင်ငံရဲ့ သမိုင်းကြောင်းပဲ ဖြစ်ပါတယ်။ သူ့နိုင်ငံကို ကျူးကျော်တဲ့ ရုရှားလူမျိုးတွေကို ယူကရိန်းသမိုင်းအကြောင်း ဆွေးနွေးရတာဟာ လွယ်ကူလှတဲ့အလုပ်တော့ မဟုတ်ပါဘူး။
သူကကော်ဖီဆိုင်မှာ ထိုင်နေပါတယ်။ ကွန်ပျူတာမျက်နှာပြင်မှာ ရုရှားတစ်ယောက်ပေါ်လာတယ်။ ဗိုင်တာလီက မေးခွန်းစမေးပါတယ်။
“ကရိုင်းမီးယားကို ဘယ်သူပိုင်တာလဲ”
ရုရှားက ချက်ချင်းပြန်ဖြေပါတယ်။
“ကျုပ်တို့ ပိုင်တာပေါ့”
ယူကရိန်းနိုင်ငံရဲ့ ကရိုင်းမီးယားဒေသကို ရုရှားက ၂၀၁၄ခုနှစ်မှာ ကျူးကျော်သိမ်းပိုက်ခဲ့တာပါ။ ဗိုင်တာလီနဲ့ ရုရှားအမျိုးသားတို့ ရုရှား-ယူကရိန်းသမိုင်းကို ငြင်းကြပါတော့တယ်။ အထူးသဖြင့် မဟာအောက်တိုဘာ တော်လှန်ရေးအပြီး ရုရှားအင်ပိုင်ယာကြီးပြိုကွဲတဲ့အခါ ယူကရိန်းနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲအကြောင်း ဖြစ်ပါတယ်။
သမိုင်းအချက်အလက်တွေကို ကိုင်ပြောဖို့ ရုရှားပုဂ္ဂိုလ်က အခက်တွေ့နေပုံရပါတယ်။ နောက်ဆုံးတော့ “ယူကရိန်း (နိုင်ငံ)ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူးဗျာ။ နောက်လည်း ရှိမှာမဟုတ်ပါဘူး” လို့ ပြောသွားပါတယ်။
ဒါဟာ အထက်တန်းပြသမိုင်းဆရာဟောင်း ဗိုင်တာလီ နေ့စဉ်ကြုံတွေ့နေရတဲ့ ရာနဲ့ချီတဲ့ သင်ခန်းစာတွေ ထဲက တစ်ခုပါ။ ၂၀၂၁မှာ သူဟာ ကျန်းမာရေးကြောင့် ပစ်စင်ယူခဲ့ရပါတယ်။ အဲဒီနွေမှာပဲ ရုရှားသမ္မတ ပူတင်က ရုရှားနဲ့ယူကရိန်းဟာ လူမျိုးတစ်မျိုးထဲဖြစ်တယ်ဆိုတဲ့ စာလုံးရေ ၅,၃၀၀ပါတဲ့ အက်ဆေးကို ဖြန့်ချိခဲ့ပါတယ်။ ယူကရိန်းကိုကျူးကျော်သိမ်းပိုက်ဖို့အကြောင်းပြပြီ ဆိုတာကို သိလိုက်တဲ့ ဗိုင်တာလီက အဲဒီအချိန်ကစပြီး အွန်လိုင်းကတစ်ဆင့် သမိုင်းအမှန်ကိုဖေါ်ထုတ်ဖို့ ဆုံးဖြတ်ချက် ချတော့တာပါပဲ။
တကယ်တော့ ဗိုင်တာလီကိုယ်တိုင်က သမိုင်းအလိမ်တွေကို သင်ကြားရင်းကြီးပြင်းလာရတာပါ။ ဆိုဗီယက်ယူနီယံခေတ်မှာတုန်းက လက်အောက်ခံယူကရိန်းဟာ သမိုင်းအတုတွေကိုပဲ လေ့လာကြရတာပါ။
တက္ကသိုလ်တုန်းက သင်ကြားခဲ့ရတာတွေကို သူမှတ်မိပါသေးတယ်။ စတာလင်ခေတ်က ယူကရိန်းလူမျိုးတွေကို အငတ်ထားပြီး သတ်ဖြတ်ခဲ့လို့ လူတွေသန်းနဲ့ချီပြီး သေခဲ့ရတယ်ဆိုတာကို ကျောင်းကဆရာတွေက အနောက်တိုင်းက ရည်ရွယ်ချက်ရှိရှိနဲ့ဝါဒဖြန့်ချိခဲ့တာလို့ လိမ်ခဲ့ကြတာပါ။
ကျောင်းသားတွေဟာ ကွန်မြူနစ်ပါတီကထုတ်တဲ့ “ပရာဗဒါ”သတင်းစာကိုပဲ ဖတ်ခွင့်ရှိကြပါတယ်။
ခန္တာကိုယ်ဖိုင့်ဖိုင့်၊ မုတ်ဆိတ်မွှေးဖြူဖြူတွေနဲ့ ဗိုင်တာလီဟာ သမိုင်းဆိုတာ နိုင်ငံရေးလက်နက်လို့ ကောင်းကောင်းကြီးနားလည်သူပါ။ ယူကရိန်းလူမျိုးဆိုတာ မရှိခဲ့ဘူး၊ နိုင်ငံဆိုတာလည်း မရှိခဲ့ဘူး၊ ယူကရိန်းနယ်မြေဟာ ရုရှားရဲ့လက်အောက်ခံလို့ ရုရှားတွေကဆက်တိုက်ဝါဒဖြန့်ချိ ခဲ့ကြပါတယ်။
“လူတွေက ကိုယ့်သမိုင်းကိုကိုယ်မသိကြဘူးဗျ။ ဒါလည်း သဘာဝပါပဲ။ ဒါပေမယ့် ဒီရုရှားနဲ့ စစ်ပွဲကတော့ ရိုးရိုးသားသား မသိနားမလည်မှု မဟုတ်ဘူး။ သမိုင်းကို လက်နက်အဖြစ်အသုံးချတာ” လို့ ဗိုင်တာလီက မှတ်ချက်ချပါတယ်။
ဗိုင်တာလီရဲ့ ကျောင်းသားဟောင်းတစ်ယောက်ဖြစ်တဲ့ အိုင်ရီနာကတော့ သူ့ဆရာဟာစာသင်ရတာကို အလွန်ခုံမင်ကြောင်း ပြောပြပါတယ်။
“သူက ကျွန်တော်တို့တွေကို သမိုင်းနဲ့ပတ်သက်ပြီး သိပ်သိစေချင်တာ၊ ဘာလို့လဲဆိုတော့ အတိတ်ကိုသိမှ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချပြီး ရှေ့ကိုဆက်သွားနိုင်မှာ (လို့ သူကယုံကြည်တယ်)”
အိုင်ရီနာကိုယ်တိုင်ကလည်း ယူကရိန်းအလယ်ပိုင်းက ဘီလာဆာက်ဗာဆိုတဲ့မြို့မှာ သင်္ချာဆရာတစ်ဦး အဖြစ်လုပ်ကိုင်နေပါပြီ။
ဗိုင်တာလီဟာ ၂၀၂၁ခုနှစ်အလယ်ပိုင်းကစလို့ အွန်လိုင်းပေါ်ကတစ်ဆင့် သမိုင်းဆိုင်ရာဆွေးနွေးမှုပေါင်း အကြိမ် ၁,၅၀၀ ကျော် လုပ်ခဲ့ပြီးပါပြီ။ စကားများခဲ့ရတာတွေလည်း အကြိမ်ကြိမ်ပါပဲ။ လူတွေရဲ့ စိတ်ကိုပြောင်းလဲ ရတာဟာ မလွယ်ကူဘူးလို့ ဗိုင်တာလီက ဝန်ခံပါတယ်။
ရုရှားတော်တော်များများဟာ ကရင်မလင်ရဲ့ဝါဒဖြန့်မှုရဲ့လွှမ်းမိုးမှုအောက်က မထွက်နိုင်ကြပါဘူး။ လူနည်းစုတချို့ကတော့ ဗိုင်တာလီရဲ့ သမိုင်းဆိုင်ရာဆွေးနွေးချက်တွေကို လက်ခံကြပါတယ်။
မကြာသေးမီက ရုရှားအမျိုးသမီးတစ်ယောက်က ဗိုင်တာလီရဲ့ ဆွေးနွေးမှုတွေကို လေးစားကြောင်း ပြောဆိုခဲ့ပါတယ်။ “တကယ်အချက်အလက်တွေကို ပြောပြခဲ့တာပဲ”လို့ သူမကဆိုပါတယ်။
အွန်လိုင်းကတစ်ဆင့် သမိုင်းပညာရပ်တွေကို ၄ နှစ်လောက်ဆွေးနွေးပြီးတဲ့အချိန်မှာတော့ သူ့တကယ် သင်ကြားရမယ့်သူတွေကို ဗိုင်တာလီသိသွားခဲ့ပါပြီ။ ယူကရိန်းလူမျိုးတွေပဲ ဖြစ်ပါတယ်။ သန်းနဲ့ချီတဲ့ ယူကရိန်းတွေဟာ ဆိုဗီယက်အာဏာရှင်ခေတ်မှာ ကြီးပြင်းလာကြပြီး သမိုင်းအလိမ်အညာတွေကို သင်ကြားခဲ့ကြရတာပါ။ အခုမှ youtube ကတစ်ဆင့် ဗိုင်တာလီသင်ကြားတဲ့ သမိုင်းဆွေးနွေးမှုတွေကို လေ့လာနေကြရတာပါ။
အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ယူကရိန်းအငြိမ်းစားဝန်ထမ်း နာတာလီယာ တိုင်လီနာ က “ကျွန်မသူ့ဆီက အများကြီးသင်ယူခွင့်ရခဲ့တယ်” လို့ဆိုပါတယ်။
ဗိုင်တာလီကြောင့် ယူကရိန်းလူမျိုးနဲ့ ယူကရိန်းနိုင်ငံ ဆိုတာ တကယ်တည်ရှိခဲ့တယ်၊ လွတ်လပ်တဲ့လူ့အဖွဲ့အစည်း ဖြစ်ခဲ့တယ်ဆိုတာကို ဆိုဗီယက်ခေတ်ကို ဖြတ်သန်းခဲ့တဲ့ယူကရိန်းတွေ ယုံကြည်ခွင့်ရခဲ့ပါပြီ။
ဗိုင်တာလီရဲ့ youtube ဗီဒီယိုတွေကို ပုံမှန်ကြည့်တဲ့ ယူကရိန်းလူမျိုး သမိုင်းပညာရှင် ယူရိုစလဗ် ဟရီဆက်က ဗိုင်တာလီရဲ့အားထုတ်မှုတွေဟာ အချည်းနှီးလို့ထင်ရပေမယ့် အင်မတန်အဓိပ္ပါယ် ရှိကြောင်း မှတ်ချက်ချပါတယ်။
“ကျွန်တော်တို့ရဲ့ဂုဏ်သိက္ခာကို ပြန်ဆယ်ပေးတာပါ။ ယူကရိန်းဆိုတဲ့ နိုင်ငံတော်ဟာ တကယ် တည်ရှိတယ်ဆိုတာကို သက်သေပြပေးတာပါ”
ဗလာဒီမာပူတင်ကိုအာခံတဲ့ အငြိမ်းစားကျောင်းဆရာတစ်ယောက်က ယူကရိန်းနိုင်ငံမှာ ရှိနေပါတယ်။
(The New York Times က The Ukrainian Schoolmaster Teaching History to His Invaders ကိုမှီငြမ်းပြီး ပြန်ရေးပါတယ်)
သူ
The Tanintharyi Times
