ဖယ်ထုံတန် ရှင်နာဝပ်ကို “အပျော်တမ်းဝန်ကြီးချုပ်” လို့ ထိုင်းစစ်ဦးစီးချုပ်ဟောင်း သုံးနှုန်း
ဖယ်ထုံတန် ရှင်နာဝပ်ကို “အပျော်တမ်းဝန်ကြီးချုပ်” လို့ ထိုင်းစစ်ဦးစီးချုပ်ဟောင်း သုံးနှုန်း
ထိုင်း စစ်ဦးချုပ်ဟောင်းလည်းဖြစ်၊ ပလန် ပရာချာရတ်ပါတီရဲ့ လွှတ်တော်အမတ်လည်းဖြစ်တဲ့ ပရာဝစ် ဝေါင်ဆူဝန်ဟာ ဖယ်ထုံတန် ရှင်နာဝပ်ကို အပျော်တမ်းဝန်ကြီးချုပ်တစ်ဦးသာဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။
နိုင်ငံလုံခြုံရေး ကဏ္ဍနဲ့ပတ်သက်ရင် သူမဟာအပျော်တမ်းအဆင့်သာရှိတယ်လို့ ပြောဆိုခဲ့တဲ့ အပြင် “ အပျော်တမ်းဝန်ကြီးချုပ်” လို့ပါ ပရာဝစ် ဝေါင်ဆူဝန်က သုံးနှုန်းခေါ်ဝေါ်ခဲ့တာဖြစ်ပါတယ်။
ထိုင်းလွှတ်တော်မှာ ဒီနေ့(မတ် ၂၄) မှာ စတင်ဆွေးနွေးနေတဲ့ ထိုင်းဝန်ကြီးချုပ် ဖယ်ထုံတန် ရှင်နာဝပ်ကိုအယုံအကြည်မရှိ အဆိုတင်သွင်းချိန်မှာ ဗိုလ်ချုပ်ကြီးဟောင်း ပရာဝစ်က အခုလိုပြောဆိုခဲ့တာပါ။
ဗိုလ်ချုပ်ကြီးဟောင်း ပရာဝစ်က ဝန်ကြီးချုပ်ကို အချက်လေးချက်နဲ့ အယုံအကြည်မရှိအဆို တင်သွင်းဆွေးနွေးခဲ့တယ်လို့လည်း ထိုင်းသတင်းဌာန The Nation ကဖော်ပြပါတယ်။
ဝန်ကြီးချုပ် ဖယ်ထုံတန် လက်ထက်မှာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးကျဆင်းမှု၊ ကာစီနိုလောင်းကစားကို တရားဝင်ဖြစ်အောင်လုပ်ဆောင်မှု၊ နိုင်ငံတော်လုံခြုံရေးပိုင်းလျော့ရဲ နေမှု၊ ပွင့်လင်းမြင်သာမှု အားနည်းတဲ့ အပြင် နိုင်ငံရေးမှာ လူမှုရေးကိစ္စတွေစွက်ဖက်ပါဝင်နေမှုတွေ ကို ဆွေးနွေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
““ဝန်ကြီးချုပ်အလုပ်ဟာလေ့ကျင်စရာစင်မြင့်မဟုတ်ဘူး။ နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာကိစ္စ တွေကို အပျော်တမ်းလုပ်လို့မရဘူး” လို့ ပရာဝစ် ဝေါင်ဆူဝန် ကဆိုပါတယ်။
ထိုင်းစစ်ဦးစီးချုပ်ဟောင်း ပရာဝစ် ဝေါင်ဆူဝန် ရဲ့ ဆွေးနွေးချက်တွေထဲမှာ ဝန်ကြီးဖယ်ထုံတန် လက်ထက်မှာ လွဲမှားသောစီးပွားရေးမူဝါဒတွေချမှတ်ခဲ့တဲ့အပြင် ပြည်သူတွေရဲ့ စီးပွားရေးပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တာကြောင့် ကုမ္ပဏီအများအပြားပိတ်ပစ်ခဲ့ရပြီး အလုပ်အကိုင်တွေ ဆုံးရှုံး နေကာ အိမ်ထောင်စုကြွေးမြီတိုးလာတယ်လို့ ဆိုပါတယ်။
ထိုင်း – ကမ္ဘောဒီးယား နယ်စပ်မှာဖြစ်ပွားနေတဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဝန်ကြီးချုပ်ကိုင်တွယ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ သူကဆိုပါတယ်။
ထိုင်းအတိုက်ခံပါတီတစ်ခု ဖြစ်တဲ့ People ပါတီကလည်း ဝန်ကြီးချုပ် ဖယ်ထုံတန် ဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ပြည်သူရဲ့ ယုံကြည်မှုကို ထိခိုက်စေတဲ့ကိစ္စတွေ လုပ်ဆောင်ခဲ့ပြီး တာဝန်ခံမှု တာဝန်ယူမရှိမရှိခြင်း ၊ မူဝါဒတွေ ၊ကတိတွေဖောက်ဖျက်ခြင်း၊ ခြစားမှုကိုတိုက်ဖျက်ရမယ့် အစားသည်းခံခွင့်လွှတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် အစိုးရတစ်ဖွဲ့လုံးဟာ သက်ဆင်ရဲ့ ဩဇာလွှမ်းမှုအောက်ရောက်နေပြီး ဝန်ကြီးချုပ် ဖယ်ထုံတန်ဟာ အမည်ခံထားရုံ ခေါင်းဆောင်သာဖြစ်ပြီး သူမဆက်လက်တာဝန်ယူနေပါက ရေရှည်မှာ ထိခိုက်မှုတွေ များလာမယ်လို့ အတိုက်အခံတွေက ဆိုပါတယ်။
ထိုင်းလွှတ်တော်မှာ ဝန်ကြီးချုပ် ဖယ်ထုံတန်ရှင်နာဝပ်ကို အယုံအကြည်မရှိကြောင်းတင်သွင်းတဲ့အဆိုကို မတ်လ ၂၄ ရက်နေ့ ၂၅ ရက်နေ့တို့ မှာ ဆွေးနွေးသွားဖို့ရှိနေပါတယ်။
ထိုင်းအတိုက်အခံ လွှတ်တော်အမတ် ၁၆၆ဦးကလက်မှတ်ရေးထိုးပြီး ဝန်ကြီးချုပ်ကို အယုံအကြည်မရှိကြောင်းအဆိုကို ဖေဖော်ဝါရီ နောက်ဆုံးအပတ်စတင်တင်သွင်းခဲ့တာဖြစ်ပြီး ဒီကနေ့ဆွေးနွေးနေတာဖြစ်ပါတယ်။
ကိုးကား – The Nation
(ယခုဘာသာပြန်သတင်းကို The Tanintharyi Times နဲ့ Connect Burma သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
