KNU မြို့နယ်တရားသူကြီးရဲ့ သားဖြစ်သူ သတ်ဖြတ်ခံရပြီး အလောင်းဖျောက်ခံရ
KNU မြို့နယ်တရားသူကြီးရဲ့ သားဖြစ်သူ သတ်ဖြတ်ခံရပြီး အလောင်းဖျောက်ခံရ
KTLA က သတ်ခဲ့တာလို့ ဒေသခံတွေပြော
KNU မြိတ်-ထားဝယ်ခရိုင်ထဲက မြို့နယ်တရားသူကြီးရဲ့ သားဖြစ်သူ ပျောက်ဆုံးနေပြီးရက်နှစ်ဆယ်ခန့်အကြာမှာ ရေတွင်းထဲပစ်ချခံထားရတဲ့ အလောင်းကိုပြန်တွေ့ခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
အသတ်ခံရသူဟာ အသက် ၂၈ နှစ်အရွယ် စောကညောဒိုစိုးဖြစ်ပါတယ်။ စောကညောဒိုစိုးဟာ KNU တပ်မဟာ ၄ (မြိတ်-ထားဝယ်ခရိုင်) ရဲ့ လယ်ဒိုစိုး(ထားဝယ်)မြို့နယ် တရားသူကြီး စောကဲဒိုရဲ့ ဒုတိယမြောက်သား ဖြစ်ပါတယ်။
စောကညောဒိုစိုးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့အိမ်က ထွက်သွားပြီးတဲ့နောက် မိသားစုနဲ့အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေခဲ့တာပါ။
သူ့ရဲ့အလောင်းကိုတော့ အခုလ ၁၁ ရက်နေ့က ထားဝယ်အရှေ့တောဒေသ၊ ဝကုန်းကျေးရွာက ရေတွင်းထဲမှာ တွေ့ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။
“ရေတွင်းထဲမှာ အလောင်းရှိတယ်ဆိုတာကို သိနေကြတာတော့ သုံးလေးရက်လောက်ရှိပြီ။ လူတစ်ယောက်ကိုပစ်ချထားတယ်လို့ သတင်းတွေပြန်ထွက်လာလို့ပါ။ ဘယ်သူဘယ်ဝါဆိုတာကို အတည်ပြုဖို့ကျန်နေတာပေါ့။ ရေတွင်းဖော်လိုက်တော့မှ အတည်ပြုလို့ရတာ” လို့ အသတ်ခံရသူနဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
ရေတွင်းဆယ်လိုက်ချိန်မှာတော့ စောကညောဒိုစိုးရဲ့ ဖိနပ်၊ မှတ်ပုံတင်နဲ့ ဆိုင်ကယ်ကိုတွေ့ရပြီး နောက်ဆုံးမှာ အရိုးတွေပဲကျန်တော့တဲ့ အလောင်းကို တွေ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
“တစ်ကိုယ်လုံးကို ကြိုး နဲ့ချည်ထားတယ်။ ပြီးတော့ အလောင်းကိုအရင် ရေတွင်းထဲပစ်ချတယ်။ ပြီးမှ အပေါ်ကနေ ဆိုင်ကယ်ကိုပစ်ချထားတာ” လို့ အလောင်းကိုမျက်မြင်တွေ့ခဲ့ရသူက ပြောပါတယ်။
မျက်မြင်တွေ့ ရှိသူတွေရဲ့ပြောပြချက်အရ အလောင်းမှာ လည်ပင်းအရိုးကျိုးတာ၊ ဦးခေါင်းခွံကွဲအက်တာတွေရှိနေပြီး ကျန်တဲ့အရိုးတွေလည်း ပြတ်တာ၊ ကျိုးတာတွေရှိတယ်လို့ ဆိုပါတယ်။
သူ့ကိုဘယ်လို ပုံစံသတ်ဖြတ်ခဲ့တယ်ဆိုတာကိုတော့ မသိရဘူးလို့ နီးစပ်သူနဲ့ ဒေသခံတွေက ပြောပါတယ်။
အလောင်းတွေ့တဲ့နေရာနဲ့ မျက်နှာချင်းဆိုင်မှာ ကော်သူးလေတပ်မတော် (KTLA) ဆာကဆောတပ်မရဲ့ စစ်ဆေးရေးဂိတ်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ကတော့ ခရစ်စမတ်နေ့အတွက် အလောင်းတွေ့တဲ့နေရာ နံဘေးက စနေအသင်းဘုရားကျောင်းမှာ ရွာသားတွေစုဝေးကြတဲ့အချိန် အဲဒီရေတွင်းထဲက အပုတ်နံ့ရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒါကြောင့် နောက်တစ်ရက်အကြာ ၂၆ ရက်နေ့မှာတော့ ရေတွင်းကို မြေနဲ့ဖုံးလိုက်ကြတယ်လို့ သိရပါတယ်။
ကော်သူးလေတပ်မတော် ရဲဘော်တွေကတော့ အပုတ်နံ့ရတဲ့ ခရစ်စမတ်နေ့အထိ အဲဒီစစ်ဆေးရေးဂိတ်မှာ ရှိနေကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီဇင်ဘာလ ၂၂ ရက်နေ့နဲ့ ၂၅ ရက်နေ့တွေမှာလည်း ဝကုန်းရွာထဲနဲ့ အနီးအနားက ဗဲ့မဲတတ် တောင်တစ်ဝိုက်မှာ ကော်သူးလေတပ်မတော်နဲ့ KNU တပ်မဟာ ၄ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲဒီနောက် KNU တပ်ဖွဲ့တွေက နယ်မြေရှင်းလင်းတဲ့ ပုံစံလုပ်ဆောင်ခဲ့တာကြောင့် ကော်သူးလေတပ်မတော်ရဲ့ တပ်ဖွဲ့တွေ ဝကုန်းရွာထဲကနေ တိမ်းရှောင်သွားတယ်လို့ သိရပါတယ်။
အဲဒီအချက်တွေကြောင့် ဒေသခံတွေကတော့ စောကညောဒိုစိုးကို ကော်သူးလေတပ်မတော်ဘက်က သတ်ဖြတ်တာဖြစ်တယ်လို့ တထစ်ချပြောဆိုပါတယ်။
စောကညောဒိုစိုးဟာ အရှေ့တောဒေသမှာ ဆိုင်ကယ်တစ်စီးနဲ့ သွားလာနေတတ်သူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သူစတင်ပျောက်ဆုံးတဲ့ အချိန်ကတော့ အရှေ့တောဒေသမှာ KNU တပ်မဟာ ၄ က ဒုတပ်ခွဲမှူး စောဖားဂျိုးကို ကော်သူးလေတပ်မတော်ဘက်က သတ်ဖြတ်ခဲ့တာကြောင့် နှစ်ဖက်စစ်ရေးပိုမိုတင်းမာနေတဲ့ အချိန်လည်းဖြစ်ပါတယ်။
ဒေသခံတွေကတော့ စောကညောဒိုစိုးကို တပ်မဟာ ၄ ဘက်ကလို့စွပ်စွဲပြီး အခုလိုဖမ်းဆီးသတ်ဖြတ်တာဖြစ်နိုင်တယ်လို့ ပြောဆိုကြပါတယ်။
သေဆုံးသူ ကညောဒိုစိုးရဲ့အလောင်းကိုတော့ အခုလ ၁၁ ရက်နေ့ မှာသင်္ဂြိုဟ်လိုက်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
သေဆုံးသူမှာ ဇနီးဖြစ်သူနဲ့ အသက် ၂ နှစ်အရွယ် သားတစ်ဦး ကျန်ခဲ့ပါတယ်။
ထားဝယ်အရှေ့တောဒေသမှာ အခုလိုသတ်ဖြတ်ပြီး အလောင်းဖျောက်တဲ့လုပ်ရပ်တွေကို ဗိုလ်အယ်ခွီး (ကော်လာဖိုး)ဦးဆောင်တဲ့ ကော်သူးလေတပ်မတော် ဆာကဆောတပ်မရဲ့ တပ်ဖွဲ့တွေက အဓိကလုပ်ဆောင်နေတာလို့ ဒေသခံနဲ့ တော်လှန်ရေးရဲဘော်တွေကဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ အစပိုင်းမှာလည်း အရှေ့တောဒေသမှာရှိတဲ့ ကော်သူးလေတပ်မတော် ဆာကဆောတပ်မ (တပ်ရင်း ၃)က သံတိုသံစလိုက်ဝယ်နေတဲ့ အမျိုးသားသုံးဦးကို လည်လှီးသတ်ဖြတ်ခဲ့ပါသေးတယ်။
အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးမေးမြန်းနိုင်ဖို့ ဗိုလ်အယ်ခွီး (ကော်လာဖိုး)ဦးဆောင်တဲ့ ဆာကဆောတပ်မကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိပါဘူး။
The Tanintharyi Times
