ဆောင်းတွင်း ဓာတ်စာ – ၂

ဆောင်းတွင်း ဓာတ်စာ – ၂

ဆောင်းဥတုမှာ စားပေးသင့်တဲ့ ဓာတ်စာတွေအကြောင်း ထပ်မံဝေမျှပေးလိုပါတယ်။ ဒီတခါပြောပြပေးမယ့် စားသင့်တဲ့ ဓာတ်စာတွေကလည်း လွယ်လင့်တကူ ရနိုင်တဲ့ အသီးအနှံ့တွေပါပဲ။

  • စိမ်းစားဥ

အခုကာလဆို စိမ်းစားဥက လှိုင်လှိုင်ပေါ်နေပါပြီ။ သူ့ရဲ့အရသာက အေးပြီး ချိုပါတယ်။
ရေငတ်နာ၊ ကိုယ်ပူနာ၊ အနာမီးလျှံ၊ သွေးပူသွေးဆူ၊ သွေးအန် သွေးလျှံနာ၊ ပိန်ကြုံနာ၊ ဆီးပူနာ၊ ဆီးနည်းနာ တို့ကို သက်သာစေတဲ့ အစွမ်းရှိပါတယ်။

  • ရှောက်ရွက်

ရှောက်ရွက်ကို အတို့အမြုပ်အနေနဲ့စားကြသလို၊ အသုပ်နဲ့ ဟင်းခပ်တို့မှာလည်း ထည့်စားကြလေ့ ရှိပါတယ်။ သူ့က အစာကိုကြေစေပြီး ပရိုတင်းဓာတ်ကိုလည်း ဖြည့်တင်းပေးပါတယ်။

  • ကင်ပွန်းချဉ်


ကင်ပွန်းချဉ်က ခံတွင်းမြိန်စေပါတယ်။
အရသာအားဖြင့် ပူပြီး ချဉ်ပါတယ်။
ကင်ပွန်းရွက်ကို စားပေးခြင်းဖြင့် သလိပ်ကိုနိုင်၏။သည်းခြေကိုငြိမ်ဝပ်စေ၏။သွေးကိုသက်စေ၏လို့ ဆိုပါတယ်။

ဇီးဖြူသီး

ဇီးဖြူသီးက အရသာအားဖြင့် ချဉ်၏။ ဖန်၏။
ဇီးဖြူသီးကို စားပေးခြင်းဖြင့် သွေးကိုချုပ်စေ၏။ အသံကိုကြည်လင်စေ၏။အဆိပ်ကိုပြေစေ၏။အာခေါင်ခြောက်ခြင်းကို နိုင်၏။
မီးလောင်နာ၊ ရေနွေးပူလောင်နာတို့ကိုနိုင်၏။သွေးဝမ်းသွားရင် ငါးပြေမနဲ့ချက်ကျွေးက သက်သာစေမှာ ဖြစ်ပါတယ်။

  • သခွားသီး

သခွါးသီးက အရသာအားဖြင့်ချိုပြီး အေးပါတယ်။ သခွားသီးကို စားပေးခြင်းဖြင့် ရေငတ်ခြင်းကို သက်သာစေပြီး၊ သည်းခြေကို နိုင်၏။

  • ဗူးသီး၊ဗူးရွက်

ဗူးသီး၊ဗူးရွက်က အရသာအားဖြင့် အေးချိုတဲ့ အရသာရှိပါတယ်။ ဗူးသီး၊ဗူးရွက်တို့ကိုစားပေးခြင်းဖြင့် အပူငြိမ်းစေပြီး၊ ဆီးဝမ်းကိုရွှင်စေပါတယ်။

  • ဖရဲသီး

ဖရဲသီးက အရသာအားဖြင့် ချိုပြီးအေးပါတယ်။ ဖရဲသီးကိုစားပေးခြင်းဖြင့် အပူကိုနိုင်
ပြီး၊ လေကိုပျက်စေတယ်။ ရေငတ်နာနဲ့သင့်တော်ပါတယ်။

  • ကြံပင်

ကြံက အရသာအားဖြင့် ချိုပြီးအေးပါတယ်။
ကြံကိုစားပေးခြင်းဖြင့် ဆီးကိုရွှင်စေပြီး သုတ်နဲ့သလိပ်ကို ပွါးစေပါတယ်။

  • သံပုရာသီး

သံပုရာသီးရဲ့ အရသာက အေး၏။ ချဉ်၏။
သံပုရာသီးကိုစားပေးခြင်းဖြင့် လေနဲ့ သလိပ်ကို ကောင်းစွာနိုင်ပြီး ရင်ကြပ်နာ၊ ရင်ဘတ်နာ၊ချောင်းဆိုးနာတို့ကို ပျောက်စေပါတယ်။
ဝမ်းမီးကို တောက်စေပြီး ပိုးနာတို့ကို နိုင်ပါတယ်။

  • ဂေါ်ဖီပန်းပွင့်

အရသာအားဖြင့် အေးချိုဖန်ရှိ၏။
ဂေါ်ဖီပန်းပွင့်ကို စားပေးခြင်းဖြင့် နှုတ်ကိုမြိန်စေ၏။ အနာကို အသားနုတက်စေ၏။သလိပ်သည်းခြေကိုနိုင်၏။ အနာကို အသားနုတက်စေ၏။

  • နာနတ်သီး

နာနတ်သီးအစိမ်းက ချဉ်၏။နာနတ်သီးစိမ်းကိုစားပေးခြင်းဖြင့် သွေးကိုပျက်စေ၏။လေကိုနိုင်၏။ အမှည့်သည်ကား ရင်ကိုချောင်စေပြီး ဝမ်းကိုသက်စေ၏။

PKN

The Tanintharyi Times