ထီးခီးနယ်စပ်လမ်းကို ကော်သူးလေတပ်မတော် သွားလာခွင့်ပိတ်
ထီးခီးနယ်စပ်လမ်းကို ကော်သူးလေတပ်မတော် သွားလာခွင့်ပိတ်

ထားဝယ်မြို့နယ်က မေတ္တာ-ထီးခီးနယ်စပ်လမ်းကို ကော်သူးလေတပ်မတော် KTLA ဘက်က မနေ့ကစလို့ အကန့်အသတ်မရှိသွားလာခွင့်ပိတ်လိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်မှာ မေတ္တာမြို့ကစပြီး ထီးခီးနယ်စပ်အထိ လမ်းမကြီးကို ယာဥ်ကြီး၊ ယာဥ်ငယ် ဖြတ်သန်းသွားလာတာ မလုပ်ကြဖို့ ကော်သူးလေတပ်မတော်၊ ဆာကဆောတပ်မ ဆာခီးလာဌာနချုပ်က အတိအလင်း သတိပေးကြောင်း ရေးသားထားပါတယ်။
လမ်းအသုံးပြုနေသူတွေနဲ့ ထိုင်းနိုင်ငံကို ခရီးသည်ပို့ဆောင်နေတဲ့ ကားတွေကတော့ ကြိုတင်အသိပေးတာမရှိဘဲ လမ်းပိတ်လိုက်တာကြောင့် အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
“စာကိုဒီနေ့ထုတ် ဒီနေ့လမ်းပိတ်ချတာမျိုးက လုံးဝအဆင်မပြေဘူး။ အခုဘာမှသွားလို့မရပါဘူး။ ကားတွေကို မနေ့ညနေပိုင်းကတည်းက သစ်ခက်ချောင်းရွာဘက်က ပြန်လှည့်ခိုင်းတယ်” လို့ ပုံမှန်သွားလာနေကျ ယာဥ်မောင်းတစ်ဦးက ပြောပါတယ်။
ထိုင်းနိုင်ငံကို ခရီးသည်ပို့ဆောင်နေတဲ့ ကားတွေလည်း ဒီနေ့ မနက်ပိုင်းအထိ ထားဝယ်-မေတ္တာလမ်းပေါ်က ကျေးရွာတချို့မှာ ပိတ်မိနေကြတယ်လို့ ဆိုပါတယ်။
“အကုန်ဒုက္ခရောက်နေတယ်။ အခုလောလောဆယ်ဝင်နေတာက ထိုင်းမှာဘတ်ရိုက်ဖို့စာရင်းတင်ပြီး ဓာတ်ပုံရိုက်ဖို့၊ ဆေးစစ်ဖို့ ရက်ချိန်းထားတဲ့သူတွေချည်းပဲ” လို့ ခရီးသည်ပို့ဆောင်ပေးနေသူ တစ်ဦးက ပြောပါတယ်။
KTLA ရဲ့ လမ်းပိတ်ကြောင်း ထုတ်ပြန်ချက်မှာတော့ ဘာကြောင့် လမ်းပိတ်တယ်ဆိုတာကို ဖော်ပြထားတာ မရှိပါဘူး။
သတိပေးချက်ကို မလိုက်နာဘဲ ဖြတ်သန်းသွားလို့ တစုံတရာထိခိုက်မှုရှိရင် လုံးဝတာဝန်ယူမှာ မဟုတ်ဘူးလို့လည်း ကော်သူးလေတပ်မတော်ဘက်က ဆိုထားပါတယ်။
အခုသွားလာခွင့် ပိတ်လိုက်တဲ့ လမ်းတစ်လျှောက်မှာ ကော်သူးလေတပ်မတော်ရဲ့ စစ်ဆေးရေးဂိတ် လေးခုထက်မနည်းနဲ့ KNU တပ်မဟာ ၄ KNLA တပ်ဖွဲ့တွေရဲ့ ဂိတ်တချို့လည်းရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လမ်းပိတ်ကြောင်းကြေညာခဲ့တဲ့ ကော်သူးလေတပ်မတော်ရဲ့ တပ်ဖွဲ့တွေဟာ KNU တပ်မဟာ ၄ KNLAတပ်ရင်းတွေနဲ့ ပြီးခဲ့တဲ့တစ်ပတ်အတွင်း အရှေ့တောဒေသမှာ နှစ်ဖက်တိုက်ပွဲတွေအကြိမ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရတဲ့သူ ၅ ဦးထက်မနည်းရှိခဲ့သလို ရဲဘော် ၁၄ ဦးကိုလည်း KNU တပ်မဟာ ၄ ဘက်က ဖမ်းဆီးထားပါတယ်။
The Tanintharyi Times