ပါးချိတ်ရောင်ခြင်းနဲ့ သတိပြုစရာတွေ

ပါးချိတ်ရောင်ခြင်းနဲ့ သတိပြုစရာတွေ

ယခုတလောမှာ ပါးချိတ်ရောင်တာကို ကလေးတွေမှာသာမက အရွယ်ရောက်ပြီးတဲ့ လူကြီးတွေမှာပါ ဖြစ်နေကြပါတယ်။

ပါးချိတ်ရောင်ရောဂါဆိုတာက လူတစ်ဦးနဲ့တစ်ဦး တံတွေး၊ နှာရည်တို့ကတဆင့် ဗိုင်းရပ်စ်ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။အထူးသဖြင့် ပါးချိတ်မှာရှိတဲ့ တံတွေးထုတ်ပေးတဲ့ တံတွေးဂလင်းကိုထိခိုက်သွားတာပဲ ဖြစ်ပါတယ်။

ပါးချိတ်ရောင်ရောဂါနဲ့ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းတွေ ရှိပါတယ်၊ အဲ့တာတွေက

  • ပါးချိတ်ရောင်ရောဂါဖြစ်ပွါးရင် ကလေးနဲ့လူကြီးမှာ ဘယ်သူက ရောဂါပိုပြင်းထန်နိုင်ပါသလဲ။

လူကြီးက ကလေးတွေထက် ပိုပြီးရောဂါပြင်းထန်စွာ ခံစားရနိုင်ပါတယ်။

  • ပါးချိတ်ရောင်တာက ကာကွယ်ဆေးထိုးထားတာနဲ့ သက်ဆိုင်ပါသလား။

ရာခိုင်နှုန်းအတော်များများ သက်ဆိုင်ပါတယ်။

  • ပါးချိတ်ရောင်နာရဲ့လက္ခဏာတွေက ဘာတွေလဲ

ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူအများစုမှာ ရောဂါလက္ခဏာတွေ ပြကြပါတယ်။

ဒါပေမယ့် ဘာလက္ခဏာမှ မပြသူတွေလည်းရှိပါတယ်။

  • ပါးချိတ်ရောင် လက္ခဏာတွေ

ဗိုင်းရပ်စ်နဲ့ထိတွေ့ပြီး ၂ပတ်အတွင်းပေါ်လာတတ်တာပါ။ အများစုက ပါးချိတ်ရောင်တာ ကို တုပ်ကွေးနဲ့လွဲလေ့ရှိကြပါတယ်။

ပါးချိတ်ရောင်ခြင်းမှာ တုပ်ကွေးနဲ့တူတဲ့ လက္ခဏာတွေ စတင်ဖြစ်ပေါ်ပါတယ်။

ကိုယ်လက်တွေကိုက်ခဲတာ၊ အစားအသောက်
ပျက်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ အဖျားငွေ့ငွေ့ရှိတာတို့ဖြစ်ပါတယ်။

ပြီးရင် ရက်အနည်းငယ်အတွင်းမှာ အဖျားကြီးလာတာနဲ့ အတူ တံတွေးဂလင်းတွေ သိသိသာသာ ရောင်လာပါမယ်။

အချို့သူတွေမှာတော့ တံတွေးဂလင်းတွေမရောင်ပဲ ရှိတတ်ပါတယ်။အချို့သူတွေမှာ ပါးတစ်ဖက်ထဲ ရောင်သူ တွေရှိသလို ၊နှစ်ဖက်စလုံးရောင်သူတွေလည်း ရှိပါတယ်။

  • ပါးချိတ်နာတာက ကူးစက်တတ်ပါသလား

ကူးစက်တတ်ပါတယ်။

ဗိုင်းရပ်စ်ထိတွေ့ချိန်မှ တံတွေးဂလင်းရောင်ချိန် ကြားအချိန်မှာ အခြားလူတစ်ယောက်ဆီကို ကူးစက်နိုင်ပါတယ်။

  • ဘယ်လိုနည်းတွေနဲ့ ကူးစက်ပါသလဲ

ရောဂါရှိသူရဲ့ တံတွေးအပါအဝင် အသက်ရှုလမ်းကြောင်းကနေ အရည်တွေကို ထိမိရာမှလည်းကောင်း၊ ရောဂါရှိသူရဲ့နှာချေခြင်းမှလည်းကောင်း၊ချောင်းဆိုးခြင်းမှလည်းကောင်း ကူးစက်နိုင်ပါတယ်။ ရောဂါရှိသူရဲ့အသုံးအဆောင်တွေကနေလည်း ကူးစက်နိုင်ပါတယ်။

ရောဂါရှိသူ နှာချေ၊ ချောင်းဆိုးရင် လေထဲမှအမှုန်ငယ်တွေပျံ့နှံ့သွားပြီး အခြားတစ်ယောက်ရဲ့မျက်စိ၊နှာခေါင်း၊ ပါးစပ်ထဲသို့ဝင်ရောက်ခြင်းဖြင့် ကူးစက်နိုင်ပါတယ်။

  • ပါးချိတ်နာတာကို ဘယ်လိုကုသကြမလဲ

ဖျားနေရင် အဖျားသက်သာစေဖို့ ဦးဆုံးလုပ်ဆောင်ရပါမယ်။

ရောင်နေတဲ့ဂလင်းကို ရေခဲကပ်ပေးခြင်းက အရောင်ကျစေမှာ ဖြစ်ပါတယ်။

ပါးချိတ်နာတဲ့ ကလေးနဲ့ လူကြီးတိုင်းက အစာစားဖို့ ငြင်းဆန်ကြတာများတယ်။

အစာဝင်အောင် စားပေးဖို့လိုပါတယ်။အစားစားမှလည်း ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်မှာဖြစ်ပါတယ်။

အစာစားတဲ့နေရာမှာ ပျော့ပျောင်းနူးညံ့တဲ့အစားအစာတွေ ဖြစ်တဲ့ ဆန်ပြုတ်၊ စွပ်ပြုတ်တို့ကို စားပေးသင့်ပါတယ်။

ပါးချိတ်နာသူတွေက အစာစားဖို့ငြင်းတတ်ကြသကဲ့သို့ ရေသောက်ဖို့လည်း တိုက်တွန်းရပါတယ်။

အဖျားနဲ့တွဲနေတာမို့ ရေဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ပြီးသားဖြစ်စေဖို့ ရေများများသောက်ပေးဖို့ လိုပါတယ်။

ရေသောက်တဲ့အခါ ရေခဲရေမဖြစ်ဖို့လည်း လိုပါတယ်။

ပါးချိတ်နာနေတဲ့အချိန်မှာ တံတွေးပိုထွက်စေတဲ့ အစားအစာတွေဖြစ်တဲ့ အချဉ်ဓာတ်ပါတဲ့ အစားအစာတွေကိုမကျွေးသင့်၊ မစားသင့်ပါဘူး။

ဒါ့အတူ ပါးကိုအသုံးပြုပြီး ကြိတ်ချေရတဲ့ အစားမာတွေလည်း မစားသင့်ပါဘူး။(ဥပမာ၊ အမဲကြော်၊ ကြက်သားကြော်)

ခံတွင်းကိုလည်း မကြာခဏသန့်ရှင်းရေးလုပ်ပေးရပါမယ်။ဆားရည်နွေးနဲ့ပလုတ်ကျင်းခြင်းကို ကြိုးစားပြု လုပ်ပေးသင့်ပါတယ်။

ပါးချိတ်နာတာကို အထက်ပါအချက်တွေ လိုက်နာပေးမယ်ဆိုရင် သာမန်အားဖြင့် သက်သာလေ့ရှိကြ ပါတယ်။ဒါပေမယ့် ပါးချိတ်နာခြင်းက ပေါ့လျော့သင့်တဲ့ ရောဂါတစ်ခုတော့မဟုတ်ပါဘူး။

ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါဖြစ်တဲ့အတွက် လူရဲ့ကိုယ်ခံအားနဲ့ နိုင်သွားနိုင်ပါတယ်။

  • ပါးချိတ်ရောင်ခြင်းကြောင့် နောက်ဆက်တွဲအကျိုးဆက်ဖြစ်နိုင်ပါသလား။

အကျိုးဆက်တွေ ရှိနိုင်ပါတယ်။

  • မုန့်ချိုအိတ်ရောင်ခြင်းဖြစ်နိုင်ပါတယ်။ရာခိုင်နှုန်းတော့ အလွန်နည်းပါတယ်။
  • အမျိုးသမီးတွေမှာ သားဥအိမ်ရောင်ခြင်းဖြစ်နိုင်ပါတယ်။
  • အမျိုးသားတွေမှာ ဝှေးစေ့ရောင်ခြင်းဖြစ်နိုင်ပါတယ်။
  • အချို့မှာ အကြားအာရုံထိခိုက်ခြင်း၊ဦးနှောက်ရောင်ခြင်းတွေပါ ဖြစ်နိုင်ပါတယ်။

ပါးချိတ်ရောင်ခြင်းမဖြစ်စေဖို့ ကာကွယ်ဆေးကို အသက်အရွယ်အလိုက်၊အကြိမ်ရေအပြည့်အ၀ ထိုးပေးသင့်ပါတယ်။

ကာကွယ်ဆေးထိုးပေးခြင်းက ပါးချိတ်ရောင်ခြင်းကို ကာကွယ်ပြီးသားဖြစ်နိုင်ပါတယ်။

PKN

The Tanintharyi Times