အမျိုးသမီးတွေကို တရုတ်မယားအဖြစ် လူကုန်ကူးတဲ့ ဂိုဏ်း မန္တလေးမှာဖမ်းဆီးရမိ

အမျိုးသမီးတွေကို တရုတ်မယားအဖြစ် လူကုန်ကူးတဲ့ ဂိုဏ်း မန္တလေးမှာဖမ်းဆီးရမိ

အမျိုးသမီးတွေကို တရုတ်မယားအဖြစ် လူကုန်ကူးနေတဲ့ မန္တလေးမြို့က လူကုန်ကူးဂိုဏ်းဖွဲ့ ကျူးလွန်သူ တရုတ်နိုင်ငံသား ၃ ဦး အပါအဝင် လူ ၆ ဦးကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့က ထိုင်းနိုင်ငံကို ထွက်ခွာဖို့ မန္တလေးလေဆိပ်ကို ရောက်နေတဲ့ တရုတ်နိုင်ငံသား GAO FENGYING (ကောင်းဖိန်းရင်) နဲ့ အမျိုးသမီးငယ် ၃ ဦးတို့ကို မသင်္ကာတာကြောင့် ခေါ်ယူစစ်ဆေးရာမှာ အဆိုပါ အမျိုးသမီးငယ် ၃ ဦးဟာ တရုတ်မယားလုပ်ဖို့ စည်းရုံးခေါ်ဆောင်ခံရသူတွေ ဖြစ်နေတယ်လို့ စစ်ကောင်စီ သတင်းစာမှာ ဖော်ပြပါတယ်။

ယင်းအမျိုးသမီး ၃ ဦးရဲ့ ဖုန်းတွေကို စစ်ဆေးကြည့်ရာမှာ တရုတ်ကို ပို့ဆောင်မယ့် နောက်ထပ် အမျိုးသမီးငယ် ၁၁ ဦးတို့ကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် နေအိမ်တနေရာမှာ ထိန်းချုပ်ထားတာကိုလည်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသမီး ၁၄ ဦးကို တရုတ်အမျိုးသားတွေနဲ့ လက်ထပ်ပေးရန်အတွက် ဂိုဏ်းဖွဲ့ပြီး စည်းရုံးဆောင်ရွက်ခဲ့သူ ဒေါ်နန်းဆိုင်ခမ်း (ခေါ်) မားမားကို ဖမ်းမိရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒေါ်နန်းဆိုင်ခမ်း (ခေါ်) မားမား ဆိုသူဟာ ရွှေလီမြို့ရှိ တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီမှာ တရုတ်အမျိုးသားတွေနဲ့ လက်ထပ်ယူဖို့ အမျိုးသမီးငယ်တွေကို လူကုန်ကူးပို့ဆောင်ပေးတဲ့ အလုပ်မှာ We Chat Group ကတဆင့် ကိုယ်တိုင်ရှာဖွေပြီး လူပွဲစားတွေဖြစ်တဲ့ မမေထက်ဦးနိုင် (ခေါ်) မထက်၊ ကိုချစ်ထူး၊ မဖြိုးဖြိုးဝေတို့က မန္တလေးရှိ နေအိမ်တနေရာမှာ လူစုထိန်းချုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ လူကုန်ကူးဂိုဏ်းမှာ ပါဝင်သူ တရုတ်နိုင်ငံသား ကောင်းဖိန်းရင်၊ လင်ကျန်း၊ လင်ကျန်းရဲ့ မိခင်ဖြစ်သူ လင်မန်ဖန်၊ မြန်မာနိုင်ငံသား ချစ်ထူး၊ ဖြိုးဖြိုးဝေတို့ကိုလည်း ဖမ်းဆီးရမိခဲ့ပြီး မေထက်နိုင်ဦးနဲ့ ဇင်သူခိုင် ဆိုသူ အမျိုးသမီး ၂ ဦးကတော့ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

အမျိုးသမီးငယ်တွေကို တရုတ်ပြည်ဆီ ပို့ဆောင်တဲ့လမ်းကြောင်းဟာ အရင်က တရုတ်-မြန်မာ နယ်စပ်ကတဆင့် ပို့ဆောင်တာ ဖြစ်ပြီး လက်ရှိမှာတော့ ထိုင်းနိုင်ငံကတဆင့် တရုတ်ကို ပို့ဆောင်နေတယ်လို့ စစ်ကောင်စီဘက်က ပြောဆိုပါတယ်။

အခု ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ၃ ဦး အပါအဝင် လူပုဂ္ဂိုလ် ၆ ဦးနဲ့ ထွက်ပြေးတိမ်းရှောင်နေသူ အမျိုးသမီး ၂ ဦးတို့ကိုတော့ တံတားဦးမြို့နယ်ရှိ လေဆိပ်နယ်မြေရဲစခန်းနဲ့ ပြည်ကြီးတံခွန်မြို့မရဲစခန်းတို့မှာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ တို့နဲ့ အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီ သတင်းစာပါ ဖော်ပြချက်အရ သိရပါတယ်။

The Tanintharyi Times