ဆောင်းဦးပေါက်ကာလနဲ့ သက်ကြီးရွယ်အိုကျန်းမာရေး
ဆောင်းဦးပေါက်ကာလနဲ့ သက်ကြီးရွယ်အိုကျန်းမာရေး

ယခုကာလက ဆောင်းဦးပေါက်ကာလဖြစ်တာနဲ့အညီ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးကို ပိုဂရုပြုရမယ့်ကာလပဲ ဖြစ်ပါတယ်။ အအေးဒဏ်ကြောင့် အများစုက လှုပ်လှုပ်ရှားရှားလုပ်ချင်စိတ်တွေ နည်းပါးသွားတဲ့ကာလလည်းဖြစ်ပြန်တယ်။
ဆောင်းဦးပေါက်ကာလတွေမှာ သက်ကြီးရွယ်အိုတွေအနေနဲ့ အအေးဒဏ်ကြောင့်
အဆစ်တွေနာကျင်တာ၊ ကိုက်ခဲတာ၊ ခေါင်းခဲတာ၊ အမြဲလိုလိုအိပ်ချင်နေတာ၊ အစာစားချင်စိတ်နည်းလာတာတွေ ဖြစ်တတ်ပါတယ်။အဲ့ဒါတွေကြောင့် သက်ကြီးရွယ်အိုတွေအများစုမကြိုက်ဆုံးသောဥတုကို ပြောပါဆိုရင်ဆောင်းရာသီကို လက်ညှိုးထိုးပြပါလိမ့်မယ်။
- ဖျားနာခြင်း၊ ချောင်းဆိုးခြင်း
ဆောင်းဦးပေါက်ကာလမှာ မိုးလေးကလည်းဖွဲတတ်သေးတာမို့ သက်ကြီးရွယ်အိုတွေမှာဖျားနာခြင်း၊ ချောင်းဆိုးခြင်းတွေ ဖြစ်ပေါ်ခံစားရတတ်ပါတယ်။ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းတွေမဖြစ်စေဖို့ မိမိတို့အိမ်မှာ ရှိတဲ့ကွမ်းရွက်ကို ထန်းလျက်လေးနဲ့ ပြုတ်သောက်တာ၊ ဂျင်းနဲ့ ထန်းလျက်ပြုတ်သောက်တာတွေ ပြုလုပ်ပေးနိုင်ပါတယ်။
တစ်ဖက်ကလည်း အအေးပတ်တာတွေ မဖြစ်စေဖို့ လည်ပင်းမှာ မာဖလာပတ်ပေးတာ၊ အနွေးထည်ဝတ်ပေးတာ၊ ခြေဖျားအေးရင် ခြေအိတ်ဝတ်စေတာတို့ ပြုလုပ်ပေးထားသင့်ပါတယ်။
- အဆစ်ရောင်
အရင်က အဆစ်ရောင်ရှိသူ သက်ကြီးတွေအဖို့ ဆောင်းရာသီကို ဖြတ်သန်းရမှာကို သေမလောက် ကြောက်တတ်ကြပြန်သေးတယ်။ ရောင်နေ၊ ကိုက်နေတဲ့ အဆစ်တွေက ခါတိုင်းထက် ဆောင်းရာသီရောက်လာပြီဆိုရင် မကွေးနိုင်၊ မဆန့်နိုင်တွေ ဖြစ်လာတတ်ပါတယ်။
ကွေးရခက်၊ ဆန့်ရခက်တဲ့ အဆစ်တွေကို နှမ်းဆီပူပူလေးနဲ့ လိမ်းပေးနိုင်သလို၊ မုန်ညှင်းဆီပူပူလေးနဲ့လည်း လိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် ထောပတ်ရှိရင် ထောပတ်ကိုအပူပေးပြီး ကွေးရ၊ ဆန့်ရခက်နေတဲ့ နေရာတွေကို လိမ်းပေးနိုင်ပါတယ်။
ကွေးရခက်တဲ့ အဆစ်တွေကို အားတင်းကာကွေးပေးခြင်း၊ ဆန့်ပေးခြင်း ပြုလုပ်ဖို့လိုပါတယ်။သူတို့ဘာသာမပြုလုပ်နိုင်ရင် ဘေးနားကနေကူညီပြီး လုပ်ပေးသင့်ပါတယ်။
- ဝမ်းချုပ်ခြင်း
ဆောင်းရာသီရဲ့အအေးဒဏ်ကြောင့် ရေကိုအသောက်နည်းကြသေးတယ်။ဒါ့ကြောင့် သက်ကြီးတွေကို ရေသောက်ဖို့အမြဲလိုလိုသတိပေးနေသင့်ပါတယ်။ဆောင်းရာသီမှာ သက်ကြီးတွေက ရေအေးထက် ရေနွေးကို ပိုသောက်လေ့ရှိကြပါတယ်။ဝမ်းချုပ်လေ့ရှိသူတွေအတွက်မူ ရေနွေးသောက်ခြင်းထက် ရေအေးသောက်ခြင်းက ပိုမိုသင့်တော်ပါတယ်။
ရေသောက်နည်းတဲ့ ဆောင်းကာလမှာ ဝမ်းချုပ်ခြင်း၊ အပူမှုတ်ပြီး ပါးစပ်နဲ့ အာ ခေါင်တစ်ဝိုက်မှာ အပူအဖုတွေထွက်ခြင်းတို့ဖြစ်ပေါ်တတ်ပါတယ်။
ဝမ်းချုပ်ခြင်းကိုတော့ မန်ကျည်းသီးနဲ့ထန်းလျက်ရောကာ ဆားအနည်းငယ်ထည့်၊ရေနဲ့ ရောပြီး ညအိပ်ရာ မဝင်မီအချိန်မှာ သောက်ပေးနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းကိုသက်သာစေတဲ့ ငှက်ပျောသီး၊သင်္ဘောသီးတို့ကို စားပေးပါ။ ထမင်းစားတဲ့အခါ အသားတွေချည်းမစားဘဲ ဟင်းသီးဟင်းရွက်လေးပါပါအောင်စားပေးဖို့ လိုပါတယ်။ကိုယ့်သဘောနဲ့ကိုယ် ဝမ်းနှုတ်ဆေးတွေစားခြင်းထက် အထက်ပါအစားအစာလေးတွေကို ဦးစားပေး စားကြည့်စေချင်ပါတယ်။
- ရင်ကြပ်ပန်းနာ
ဆောင်းရာသီရောက်တိုင်း ရင်ကြပ်အခံရှိတဲ့သက်ကြီးတွေအဖို့ ခေါင်းကြိမ်းရလေ့ရှိတယ်။ခါတိုင်းထက် အနေကြပ်ပြီး ရင်ကြပ်တတ်ကြပါတယ်။ရင်ကြပ်ပန်းနာအခံရှိသူ သက်ကြီးတွေအဖို့ ဆောင်းဦးပေါက်ကာလကတည်းက မတည့်တဲ့ အစားအစာတွေဖြစ်တဲ့ ဝက်သား၊ဆီကြော်စာအမျိုးမျိုး၊သြဇာသီး၊အချိုဓာတ်များတဲ့ အစားအစာတွေကို ရှောင်ထားသင့်ပါတယ်။
ရင်ကြပ်ပန်းနာဖြစ်ရင် ရင်ဘတ်ကိုအနွေးဓာတ်ရရှိစေဖို့အလို့ငှာ အနွေးထည်ဝတ်ပေးခြင်း၊ လိမ်းဆေးတစ်မျိုးမျိုးရင်ဘတ်ကို လိမ်းပေးခြင်းတွေ ပြုလုပ်ပေးသင့်ပါတယ်။
ရင်ကြပ်ပန်းနာရှိသူ သက်ကြီးတွေအဖို့ဓာတ်စာအဖြစ် ပဲစိမ်းငုံကို ပြုတ်စားပေးတာမျိုးပြုလုပ်ပေးသင့်ပါတယ်။ တစ်ဖက်ကလည်း ပင်စိမ်းကို ထောင်းပြီး သံပုရာရည်
အနည်းငယ်ထည့်ပြီး သောက်ပေးနိုင်ပါတယ်။ပင်စိမ်းတစ်စည်းစာကို အရည်ညှစ်ခြင်း၊ထောင်းခြင်း ပြုလုပ်ပါ။ရလာတဲ့ အရည်မှာ သံပုရာရည်အနည်းငယ် ထည့်ပြီး ညအိပ်ရာမဝင်မီအချိန်မှာ သောက်ပေးခြင်းက ရင်ကြပ်ခြင်းကိုသက်သာစေမှာဖြစ်ပါတယ်။
ရင်ကြပ်သူတွေ အနေနဲ့ အောက်ပိုင်းအေးခြင်း၊ခြေထောက်အေးခြင်းမဖြစ်စေဖို့ အမြဲဂရုစိုက်ထားသင့်ပါတယ်။
- အစာမကြေခြင်း
အေးတဲ့ဆောင်းရာသီမှာ သက်ကြီးရွယ်အိုတွေဆီက အစာမကြေဘူး၊ ထမင်းမစားချင်ဘူးဆိုတဲ့ စကားတွေကို မကြာခဏကြားသိရပါတယ်။
အစာမကြေခြင်းကိုကျောခိုင်းနိုင်ဖို့ အစာကိုတထိုင်တည်းစားခြင်းထက် ပမာဏနည်းနည်းနဲ့ မကြာခဏစားပေးခြင်းကို ကျင့်သုံးပေးသင့်ပါတယ်။
အစားစားတဲ့အခါမှာလည်း အေးအေးစက်စက်ဖြစ်မနေဘဲ ပူပူနွေးနွေးလေးပဲ စားပေးသင့်ပါတယ်။ကြေကျက်လွယ်တဲ့ အစားအစာတွေကိုသာ ရွေးချယ်ကျွေးသင့်ပါတယ်။
- အသားပတ်ခြင်း
ဆောင်းရာသီရောက်လာတာနဲ့အညီ အသားအရေတွေဟာ ခါတိုင်းထက်
ခြောက်သွေ့၊ အက်ကွဲလာတတ်ပါတယ်။အသားပတ်တဲ့ သက်ကြီးတွေကို အလှဆီလူးပေးခြင်း၊အုန်းဆီလူးပေးခြင်းတို့ ပြုလုပ်ပေးသင့်ပါတယ်။
အရည်ဓာတ်ခမ်းခြောက်ရင် အသားပတ်ခြင်းပိုမိုဖြစ်ပွားနိုင်တဲ့အတွက် ထမင်းစားရင်
အရည်သောက်လေးတွေနဲ့ကျွေးသင့်ပါတယ်။ရေများများသောက်ပေးဖို့လည်း သတိပေးသင့်ပါတယ်။
- ဆောင်းဓာတ်စာတွေ ကျွေးခြင်း
အအေးဒဏ်ကြောင့် အစာမစားလိုတဲ့ သက်ကြီးတွေ ခံတွင်းတွေ့စေတဲ့ ဆောင်းဓာတ်စာအချို့ကိုလည်း ဝေမျှပေးလိုပါတယ်။
နွေချို၊ မိုးခါး၊ ဆောင်းချဉ်ဆိုတဲ့အတိုင်း ဆောင်းရာသီမှာ အချဉ်ဓာတ်ကို ဦးစားပေးစားသင့်ပါတယ်။
ခံတွင်းမြိန်စေဖို့ ကင်ပွန်းချဉ်ရွက်ကို ငါးတစ်မျိုးမျိုးနဲ့ ချက်စားပေးနိုင်ပါတယ်။
ဒါ့အပြင် ချဉ်ပေါင်ရွက်ကို မျှစ်ကလေးနဲ့ ကြော်စားတာမျိုး လုပ်ပေးနိုင်ပါသေးတယ်။
ရှောက်ရွက်လေးကို ကြက်သွန်နီရယ်၊မြေပဲဆန်အနည်းငယ်ထည့်ပြီး သုပ်စားပေးနိုင်ပါတယ်။အစပ်စားနိုင်သူတွေအဖို့ ငရုတ်သီးစိမ်းအနည်းငယ်ထည့် ကျွေးနိုင်ပါတယ်။
သံပုရာသီးလေးကို အချဉ်တည်ပြီး ငရုတ်သီးအနည်းငယ်ထည့်ကာသုပ်စားပေးခြင်းကလည်း ခံတွင်းမြိန်စေမှာ အသေအချာဖြစ်ပါတယ်။
ထမင်းစားပြီးချိန်တွေမှာ သံပုရာရည်သောက်ခြင်း၊ရှောက်ရည်ကို ပျားရည်အနည်းငယ်ထည့်ပြီး သောက်ပေးခြင်းလည်း ပြုလုပ်ပေးနိုင်ပါတယ်။
- ဆေးဝါးတွေ ပုံမှန်သုံးစွဲခြင်း
မိမိမှာ သွေးတိုးရောဂါ၊ဆီးချိုရောဂါတို့ရှိနေရင်လည်း ဆေးပညာရှင်တွေ ညွှန်ကြားထားတဲ့အတိုင်း သောက်ပေးဖို့လိုပါတယ်။
ဆောင်းဦးပေါက်မှာ သက်ကြီးရွယ်အိုတွေကျန်းမာနေစေဖို့ ရေချိုးချိန်ကအစ ဂရုပြုပေးဖို့လိုပါတယ်။ ရေအေးအေးနဲ့ ချိုးခြင်းထက် နေပူပြထားတဲ့ရေချိုးပေးခြင်း၊ရေနွေးရောစပ်ကာချိုးပေးခြင်းတွေ ပြုလုပ်ပေးနိုင်ပါတယ်။
The Tanintharyi Times