ပုလောမြို့နယ်အတွင်း တိုက်ပွဲရက်ဆက်ဖြစ်နေပြီး အရပ်သား သုံးဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ပုလောမြို့နယ်အတွင်း တိုက်ပွဲရက်ဆက်ဖြစ်နေပြီး အရပ်သား သုံးဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ပုံစာ - ပုလောမြို့နယ်၊ ပလမြို့ရဲစခန်း တိုက်ပွဲအတွင်းတွေ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး။

ပုလောမြို့နယ်ထဲက မြိတ်-ထားဝယ်ကားလမ်းမတလျှောက် တိုက်ပွဲဖြစ်နေပြီး အရပ်သားသုံးဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဆင်ထိုးကြီး၊ အင်းမရွာအနီးတဝိုက်နဲ့ ပလမြို့မှာ ဩဂုတ် ၁ ရက်နေ့ကစလို့ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး အဲဒီတိုက်ပွဲတွေအတွင်း အရပ်သားသုံးဦးသေဆုံး၊ တစ်ဦးထိခိုက်ဒဏ်ရာရထားတယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မနေ့ ညနေ ၄ နာရီခန့်က လည်းပလမြို့ရဲစခန်းနဲ့ အဲဒီအရှေ့မှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ဘက်က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှု နာရီဝက်ကျော်ကြာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ပလမြို့ စစ်ကောင်စီစစ်ဆေးရေးဂိတ်အနီးမှာရှိနေတဲ့ အသက် ၂၀ နှစ်ဝန်းကျင်အရွယ် ကိုဒင်္ဂါးဆိုသူ ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကိုဒင်္ဂါးဟာ ပုလောမြို့နယ် ပျူစောထီးအဖွဲ့ခေါင်းဆောင်ရဲ့တူဖြစ်ပြီး စစ်ကောင်စီတပ်သားတွေနဲ့နီးနီးကပ်ကပ်ရှိနေတဲ့အချိန် တိုက်ပွဲအတွင်းကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

“တိုက်ပွဲအတွင်းဖြစ်သွားတာဆိုတော့ ဘယ်သူ့ကျည်နဲ့ထိသွားတယ်ဆိုတာတော့ ပြောဖို့ခက်တယ်။” လို့ တိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ရဲဘော်က ပြောပါတယ်။

ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားသုံးဦးကျဆုံးပြီး၊ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးမဟာမိတ်တပ်တွေဘက်ကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ မြိတ်ခရိုင်တပ်ရင်း(၁) ရဲ့ ပြောရေးဆိုခွင့်ရှိသူဆီက သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း နဲ့ KNDO တပ်ရင်း(၇) တပ်ခွဲ(၂) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

တိုက်ပွဲအတွင်း မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း T2 Drone အဖွဲ့ကလည်း ဗုံးသီး ၇ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ပလမြို့မှာတိုက်ပွဲတွေဖြစ်နေသလို ဆင်ထိုးကြီးကျေးရွာအုပ်စုဘက်မှာလည်း တိုက်ပွဲတွေရက်ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။

အခုလအစတွင်း ဆင်ထိုးကြီးနဲ့ အင်းမရွာအနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေကြား တိုက်ပွဲအပြင်းအထန် လေးကြိမ်ဖြစ်ထားပြီး ဒီကနေ့အထိ စစ်ရေးတင်းမာနေတယ်လို့ သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတာဝန်ခံက ပြောပါတယ်။

အခုလ ၁ ရက်နေ့တိုက်ပွဲအပြီး နေအိမ်ခဏပြန်တဲ့ အသက် ၅၀ ဝန်းကျင်အရွယ် ကိုလွင်ဇော် ကို စစ်ကောင်စီတပ်သေနတ်နဲ့ပစ်လို့ သေဆုံးခဲ့ရပြီး အသက် ၂၄ နှစ်အရွယ် ကိုကျော်မင်းစိုး က လက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ဦးနှောက်ကနေ မျက်စိကိုကျည်ဖောက်ဝင်ပြီး ဆုံးသွားတာ။” လို့ ကိုလွင်ဇော်သေဆုံးမှုနဲ့ပတ်သက်ပြီး သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတာဝန်ခံက ပြောပါတယ်။

အခုလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီမှာဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာတော့ အင်းမရွာခံ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးရဲ့ ခြေဖဝါးမှာ ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဆင်းထိုးကြီးရွာအနီးတဝိုက်တိုက်ပွဲတွေအတွင်း KNU တပ်မဟာ (၄) တပ်ရင်း(၁၂)၊ KNU တပ်မဟာ (၆) တပ်ရင်း(၂၇)နဲ့ သရက်ချောင်းမြို့နယ်အခြေစိုက် ဒေါင်းညီနောင်စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတာဝန်ခံဆီက သိရပါတယ်။

ဒီကနေ့မှာတော့ ဆင်ထိုးကြီးရွာစာသင်ကျောင်းမှာ စစ်ကောင်စီတပ်သားတွေတပ်စွဲထားပြီး အင်အား ၁၀၀ ကျော်ရှိနိုင်တယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

အဲဒီမှာတပ်စွဲထားတဲ့အချိန်အတောအတွင်း ဒီကနေ့မနက် ၁၀ နာရီကစလို့ မြိတ်-ထားဝယ်ကားလမ်းမကို တိုက်ပွဲမရှိဘဲ ပိတ်ချထားတယ်လို့ သိရပါတယ်။

ရက်ဆက်တိုက်ပွဲတွေကြောင့် မြိတ်-ထားဝယ်ခရီးသွားတွေ နေ့တိုင်းပိတ်မိနေတယ်လို့လည်း လာရာအတိုင်းပြန်လှည့်ပြန်ခဲ့ရတဲ့ ခရီးသွားတွေဆီကနေ သိရပါတယ်။

တိုက်ပွဲရက်ရှည်ဖြစ်နေပြီး စစ်ရေးတင်းမာနေတဲ့အတွက် မလိုအပ်ဘဲ ခရီးမသွားကြဖို့နဲ့ လိုအပ်လို့သွားလာရင်လည်း စစ်ရေးသတင်းနားစွင့်ပြီးမှ သွားလာကြဖို့ကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မေတ္တာရပ်ခံထားပါတယ်။

The Tanintharyi Times