တနင်္သာရီမှာ မေလအတွင်း လက်နက်ကြီးနဲ့မြေမြုပ်မိုင်းကြောင့် အရပ်သား နှစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရ
တနင်္သာရီမှာ မေလအတွင်း လက်နက်ကြီးနဲ့မြေမြုပ်မိုင်းကြောင့် အရပ်သား နှစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရ

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့မေလအတွင်း စစ်ကောင်စီကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး မြေမြုပ်မိုင်းကြောင့် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၅ ရက်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မောရဝတီရေတပ်စခန်းဌာနချုပ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ဇာဒီကျေးရွာက အသက် ၁၁ နှစ်ဝန်းကျင်အရွယ် ကလေးငယ် နဲ့
သူ့ရဲ့ အကိုဖြစ်သူ အသက် ၁၆ နှစ် ဝန်းကျင်အရွယ်ဆယ်ကျော်သက်တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဇာဒီရွာဒေသခံတွေဆီက သိရပါတယ်။
လက်နက်ကြီးကျည်ဟာ နေအိမ်တည့်တည့်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် သေဆုံးသူမောင်နှမနှစ်ယောက်ရဲ့ အလောင်းတွေဟာ ဆိုးဆိုးရွားရွားပျက်စီးသွားခဲ့ပြီး နေ့တွင်းချင်းပဲ သင်္ဂြုလ်ခဲ့ရတယ်လို့ ဇာဒီရွာခံတွေက ပြောပါတယ်။
“အိမ်ပေါ်ကို တည့်တည့် လာကျတော့ အိမ်ရောလူပါပြဲပြဲ စင်သွားတာ။ အိမ်က ရွာထဲမိန်းလမ်းပေါ်မှာပါပဲ။ ဘာမှတိုက်ပွဲဖြစ်တာမရှိဘဲကို တမင်ပစ်လိုက်တာ” လို့ ဇာဒီရွာခံအမျိုးသားတစ်ဦးက ပြန်ပြောပြပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့မေလမှာ တနင်္သာရီတိုင်းတွင်းက နယ်မြေငြိမ်သက်မှုမရှိတဲ့ ရေဖြူ၊ ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံး၊ ပုလော၊ တနင်္သာရီနဲ့ ဘုတ်ပြင်းမြို့နယ်က ရွာတွေကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
စစ်ကောင်စီရဲ့ မြေမြုပ်မိုင်းနင်းမိပေါက်ကွဲတာတွေကြောင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရေဖြူမြို့နယ်၊ ညင်းထွေးရွာနဲ့ ဘုတ်ပြင်းမြို့နယ်၊ လေညာရွာတွေမှာ ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့မေလ ၂ ရက်မှာ ဘုတ်ပြင်းမြို့နယ် လေညာရွာက အသက် ၁၂ နှစ်ဝန်းကျင်အရွယ် မိန်းကလေးငယ်တစ်ဦး ခမရ (၅၆၀) တပ်ရင်း အနောက်က ရော်ဘာခြံမှာ တညင်ရွက်သွားကောက်ချိန် မိုင်းနင်းမိတဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့တယ်လို့ လေညာရွာဒေသခံတွေဆီကနေသိရပါတယ်။
မိုင်းနင်းမိတဲ့မိန်းကလေးငယ်ဟာ အခင်းဖြစ်ပွားခဲ့တဲ့နေရာမှာပဲ ဘယ်ဘက်ခြေဖဝါးတစ်ဖက် ပြတ်တောက်ခဲ့ပြီး အမျိုးသမီးအင်္ဂါမှာလည်း ဆိုးရွာစွာ ဒဏ်ရာတွေရရှိခဲ့တယ်လို့ လေညာရွာဒေသခံတွေက ပြောပြပါတယ်။
“ ကလေးမလေးအတွက်က တကယ်စိတ်မကောင်းစရာပါပဲ။ သူ့ဘဝတလျှောက် ခက်ခဲတော့မှာ။ ဘုတ်ပြင်းဘက် တပ်ရင်းအများစုက သူတို့နေရာတဝိုက်မှာ မိုင်းတွေထောင်ထားတာကြာပြီ။ အရင်တခေါက် အေးချမ်းမြိုင်ဘက် မိုင်းနင်းမိတုန်းကလည်း အမေသေသွားတော့ ကလေးတွေကျန်ခဲ့တယ်” လို့ လေညာရွာဒေသခံ အမျိုးသမီးက ဆိုပါတယ်။
ပြီးခဲ့တဲ့မေလအစပိုင်းမှာပဲ ရေဖြူမြို့နယ်၊ ညင်းထွေးရွာက သားအဖနှစ်ဦးလည်း ဥယျာဥ်ခြံထဲသွားချိန် ရွာရှေ့ပိုင်းက ဖိုအင်းတောင်ခြေမှာ မြေမြုပ်မိုင်းထိပြီး ၁၀ နှစ်အရွယ်သားဖြစ်သူမှာ ခြေထောက်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ ညင်းထွေးရွာခံတွေဆီက သိရပါတယ်။
တနင်္သာရီတိုင်းမှာ မိုင်းနင်းမိတာတွေကြောင့် လူတွေအပြင် တိရိစ္ဆာန်တွေ သေဆုံးတာလည်း ရှိလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက လောင်းလုံးမြို့ကနေ ပြင်းထိန်ရွာဘက်ကိုသွားတဲ့ လမ်းနံဘေးက နေအိမ်တွေအနီးမှာ အိမ်မွေးခွေးတစ်ကောင် မိုင်းနင်းမိပြီးသေဆုံးခဲ့ပါတယ်။ လောင်းလုံးမြို့ပေါ် ကကြီးရပ်ကွက်၊ ထိန်သစ်လမ်းက မြေကွက်လပ်တစ်ခုထဲမှာလည်း နွားတစ်ကောင်မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ လောင်းလုံးဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော် တချို့ဆီကသိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ကစလို့ ဘုတ်ပြင်းမြို့နယ်၊ တနင်္သာရီမြို့နယ်၊ ရေဖြူမြို့နယ်၊ ထားဝယ်မြို့နယ်နဲ့ လောင်းလုံးမြို့နယ်တွေက အမြောက်တပ်ရင်းတွေအပါအဝင် စစ်ကောင်စီအခြေစိုက်ရာ တပ်ရင်းတွေရဲ့ အနီးတဝိုက်မှာ မြေမြုပ်မိုင်းထောင်တာတွေ သိသိသာသာစတင်ပြုလုပ်လာတယ်လို့ အဆိုပါဒေသတွေရဲ့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။
လောင်းလုံးမြို့နယ်မှာတော့ မြို့ပေါ်ဧရိယာတွေဖြစ်တဲ့ ထွေအုပ်ရုံးအနောက်ဘက်ချောင်းတလျှောက်၊ စရဖရုံးအနီးတဝိုက်က တံတားနဲ့ရေမြောင်းတွေ၊ မြို့မရဲစခန်းတဝိုက်၊ မြို့ထဲကိုလာတဲ့ လမ်းနံဘေးနေရာတွေအပြင် မြို့ပေါ်က အိမ်တွေကြားမှာပါ မိုင်းထောင်ထားတာတွေရှိနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
အခုလိုမျိုးမိုင်းနင်းမိတဲ့ဖြစ်စဥ်တွေမှာ လူနင်းမိတာဖြစ်စေ၊ တိရိစ္ဆာန်နင်းမိတာဖြစ်စေ မိုင်းကွင်းနှောက်ယှက်မှုလို့ ဆိုပြီး စစ်ကောင်စီတပ်သားတွေကနေ မိုင်းနင်းမိတဲ့ဒေသခံတွေရဲ့ နေအိမ်မှာ လျော်ကြေးတောင်းယူတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
လျော်ကြေးတောင်းယူတဲ့ ဖြစ်စဥ်တွေကတော့ ရေဖြူမြို့နယ်၊ တနင်္သာရီမြို့နယ်နဲ့ ဘုတ်ပြင်းမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။
တနင်္သာရီတိုင်းမှာ အခုနှစ် ပထမငါးလအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာနဲ့ မြေမြှုပ်မိုင်းနင်းမိတာတွေကြောင့် သေဆုံးခဲ့တဲ့ အရပ်သား ၁၄ ဦးထက်မနည်းရှိနေပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၉ ဦးထက်မနည်းရှိနေပြီဖြစ်ပါတယ်။
The Tanintharyi Times