ထားဝယ်ခရိုင်မှာ တစ်ပတ်အတွင်း အမျိုးသားနှစ်ဦး ပစ်သတ်ခံရ
ထားဝယ်ခရိုင်မှာ တစ်ပတ်အတွင်း အမျိုးသားနှစ်ဦး ပစ်သတ်ခံရ
အရပ်သားအမျိုးသားနှစ်ဦးပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေ ထားဝယ်ခရိုင်မှာ အခုတစ်ပတ်အတွင်း ဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ကမနက်ပိုင်းမှာ ပစ်သတ်ခံရသူကတော့ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာက အသက် ၄၀ ကျော်အရွယ် ဦးကြည်လေး ပါ။ ၎င်းပိုင်ဆိုင်တဲ့ ဝက်မွေးမြူရေးခြံထဲမှာပဲ သေနတ်နဲ့ပစ်ပြီး အသတ်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
လောင်းလုံး (ပကဖ)ထုန်ပြန်ချက်မှာတော့ ဦးကြည်လေးဟာ စစ်ကောင်စီတပ်သားတွေနဲ့ပူးပေါင်းလုပ်ကိုင်နေတာကြောင့်မြို့နယ်အတွင်းကထွက်သွားဖို့ အခုလ ၈ ရက်နေ့က သတိပေးစာပို့ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်ပိုင်း မပြောင်းရွေ့တာကြောင့် အရေးယူဖို့သွားရောက်ဖမ်းဆီးချိန် မတော်တဆပစ်ခတ်ခံရပြီး သေဆုံးသွားတာလို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
“ပစ်ဖို့ရည်ရွယ်ချက်မရှိပါဘူး။ သူကိုဖမ်းလာဖို့သေချာပြင်ဆင်ပြီးမှ သွားတာပါ။ သူ့ကိုထားမယ့် နေရာတွေလည်း သေချာပြင်ဆင်ထားပြီးပြီ။ ဒါပေမဲ့ သူကရဲဘော်တွေကို အရင်မြင်ပြီး တောထဲဝင်ပြေးတယ်။ အဲဒီအချိန်ခြောက်ပစ်၊ ပစ်ရင်းသွားထိတာ” လို့ လောင်းလုံး(ပကဖ)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရှဲဒိုးက ပြောပါတယ်။
လောင်းလုံး (ပကဖ)ရဲဘော်တွေပစ်ခတ်လိုက်တဲ့ကျည်ဆံဟာ ဦးခေါင်းကိုတစ်ချက်ထိမှန်ပြီးသေဆုံးသွားတာလို့ ကိုရှဲဒိုးက ဆက်ပြောပါတယ်။
ပြင်းထိန်ရွာခံတချို့ကတော့ ဦးကြည်လေးဟာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ၊ စရဖတွေနဲ့အတူတူသွားလာတာတွေ လုပ်ဆောင်လေ့ရှိတယ်လို့ အတည်ပြုပါတယ်။
ရွာခံအမျိုးသားတစ်ဦးက “ သူကစစ်အာဏာမသိမ်းခင်ကတည်းက ရဲတွေစရဖတွေနဲ့ပေါင်းတဲ့လူပါပဲ။ အာဏာသိမ်းပြီးနောက်မှာလည်း အတူတူသွားလာတာတွေလုပ်နေတာပဲ။ ဒါပေမဲ့ သတင်းပေးတာတွေတော့မရှိပါဘူး။ သူ့ကြောင့်ဖမ်းခံရတယ်ဆိုတာမျိုးလည်းမရှိဘူး” လို့ ပြောပါတယ်။
လောင်းလုံး ပကဖရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ လောင်းလုံးရဲစခန်းကို ပြီးခဲ့တဲ့ မတ်လအကုန်ပိုင်းမှာပြောင်းလာတဲ့ စခန်းမှူးဟာ ဦးကြည်လေးနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူဖြစ်တာကြောင့် အဲဒီနောက်ပိုင်းမှ သတင်းပေးတာတွေလုပ်ဆောင်လာတာလို့ ဆိုပါတယ်။
ဒါ့အပြင် ဦးကြည်လေးထွက်ပြေးသွားတဲ့အခန်းထဲကနေ မူးယစ်ဆေးဝါးတွေလည်း သိမ်းဆည်းမိခဲ့တယ်လို့ လောင်းလုံး (ပကဖ)က ထုတ် ပြန်ချက်မှာ ရေးထားပါတယ်။
အခုဖြစ်စဥ်နဲ့ပတ်သက်ပြီးတာဝန်ယူ၊ တာဝန်ခံမှုအပြည့်အဝရှိကြောင်းလည်း လောင်းလုံးမြို့နယ် (ပကဖ)ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် အခုလ ၆ ရက်နေ့ညပိုင်းကလည်း ထားဝယ်ခရိုင်ထဲက ရေဖြူမြို့နယ် ဖြူနပ်ရွာမှာ အမျိုးသားတစ်ဦး ဥယျာဥ်ခြံထဲမှာ ပစ်သတ်ခံခဲ့ရတဲ့ ဖြစ်စဉ် ရှိပါသေးတယ်။
ပစ်သတ်ခံရသူဟာ ပယရွာသားဖြစ်ပြီး အသက် ၄၀ ကျော်အရွယ် ဦးအာလူးဆိုသူဖြစ်ပါတယ်။ သူ့ကို ဘယ်သူတွေက ဘာကြောင့်ပစ်သတ်သွားတယ်ဆိုတာကိုတော့ ဒီနေ့အထိ မသိရသေးပါဘူး။
အရပ်သားပစ်သတ်ခံရတဲ့ဖြစ်စဥ်တွေဟာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ တနင်္သာရီတိုင်းမှာ လစဥ်လတိုင်းမှာ ရှိနေခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့မတ်လအတွင်းမှာလည်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာနဲ့ အကြောင်းမဲ့ ပစ်သတ်တာတွေကြောင့်သေဆုံးခဲ့တဲ့အရပ်သား ၁၀ ဦးရှိခဲ့ပြီး တော်လှန်ရေးအဖွဲ့တွေလက်ချက်နဲ့ သေဆုံးသူ၊ လက်သည်မပေါ်ဘဲသေဆုံးသူ လေးဦးအထိ ရှိခဲ့ပါတယ်။
The Tanintharyi Times
