လောင်းလုံးက ကျောက်နီမော်ရွာအနီးမှာ ပျူစောထီးကားမိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဖက်တိုက်ပွဲဖြစ်
လောင်းလုံးက ကျောက်နီမော်ရွာအနီးမှာ ပျူစောထီးကားမိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဖက်တိုက်ပွဲဖြစ်
လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာအနီးမှာ ပျူစောထီးနဲ့စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကား မိုင်းဆွဲတိုက်ခိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ လောင်းလုံး ပကဖဆီကသိရပါတယ်။
အခုလ ၁၅ ရက်နေ့ညနေပိုင်းက ကျောက်နီမော်ရွာအနီးက ရဲချောင်းလမ်းဆုံမှာ ပျူစောထီးကားတစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက အသင့်ထောင်ထားတဲ့မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
အဲဒီကားဟာ ပျူစောထီးတဦးပစ်ခတ်ခံရတဲ့နေရာကို စစ်ကူရောက်လာတဲ့ကားဖြစ်ပြီး မိုင်းဆွဲခံရချိန်ကားပေါ်မှာ စစ်ကောင်စီတပ်သားတဦးနဲ့ ပျူစောထီးတဦးတို့လိုက်ပါလာတယ်လို့ လောင်းလုံးပကဖရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရှဲဒိုးက ဆိုပါတယ်။
“သူတို့ကသေနတ်သံကြားလို့ လိုက်လာတာ။ မိုင်းကွင်းနားမရောက်ခင် ကားပေါ်ကတချို့နေခဲ့တော့ ကပေါ်မှာ နှစ်ယောက်ပဲပါတယ်။ မိုင်းဆွဲသံပြီးမှထပ်ရောက်လာပြီးပစ်ကြတာ” လို့ လောင်းလုံးပကဖရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရှဲဒိုးက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုမတိုင်ခင် မိနစ်ပိုင်းလောက်ကတော့ ပျူစောထီးအဖွဲ့ဝင်တဦးကို ပြည်သူ့ကာကွယ်ရေးဘော်တွေက အရှင်ဖမ်းဆီးတဲ့အချိန် လက်လုပ်သေနတ်နဲ့ခုခံပစ်ခတ်ခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ လောင်းလုံးပကဖရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
အဲဒီပစ်ခတ်မှုမှာတော့ ပျူစောထီးအဖွဲ့ဝင်သေဆုံးပြီး လက်လုပ်သေနတ်အတိုတလက် သိမ်းမိခဲ့တယ်လို့ လောင်းလုံး ပကဖက ထုတ်ပြန်ထားပါတယ်။

မိုင်းဆွဲခံရတဲ့ကားမှာလည်း လုံးဝပျက်စီးသွားခဲ့ပြီး ကားပေါ်ပါလာသူနှစ်ဦးလည်း ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ကိုရှဲဒိုးကဆိုပါတယ်။ နှစ်ဖက်ပစ်ခတ်မှုအတွင်း ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးပါဘူး။
အခုတိုက်ခိုက်မှုကို လောင်းလုံးပကဖရဲ့ ဇုန် (၃) ကင်းမြှီးကောက်ပြောက်ကျားတပ်စု၊ ဇုန် (၄) တပ်စုနဲ့ ဇုန် (၅) ပင်လယ်ကြယ်တပ်စုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကိုလည်း မနေ့ကစလို့ အင်အား ၃၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီယာဥ်တန်းတခုဝင်ရောက်နေပြီး ဒီနေ့ နေ့လယ်ပိုင်းမှာတော့ သင်္ကန်းတုံးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

The Tanintharyi Times
