နိုင်ငံကူးလက်မှတ် ပြည်တွင်းပြန်ပြီး သက်တမ်းတိုးရမယ်သတင်း မဟုတ်မှန်ဘူးလို့ ဘန်ကောက်သံရုံးထုတ်ပြန်

နိုင်ငံကူးလက်မှတ် ပြည်တွင်းပြန်ပြီး သက်တမ်းတိုးရမယ်သတင်း မဟုတ်မှန်ဘူးလို့ ဘန်ကောက်သံရုံးထုတ်ပြန်

ပုံ - Wordpress

ပြည်ပရောက် နိုင်ငံသားတွေအနေနဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါ ပြည်တွင်းပြန်ပြီး လျှောက်ထားရမယ်ဆိုတဲ့ သတင်းမှာ မဟုတ်မှန်ပဲ သက်တမ်းတိုးလုပ်ငန်းတွေကို ပုံမှန်အတိုင်း ဆောင်ရွက်ပေးနေတယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးက ဒီကနေ့ ညနေပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။

ဆိုရှယ်မီဒီယာမှာ လွန်ခဲ့တဲ့လက စပြီး ပြည်ပမှာ နေထိုင်၊ အလုပ်လုပ်နေသူတွေ အနေနဲ့ မြန်မာနိုင်ငံပြန်ပြီး နိုင်ငံကူးလက်မှတ်သက်တမ်း ပြန်တိုးရတော့မှာဖြစ်ကြောင်း သတင်းတွေ ပျံ့နှံ့ခဲ့ပါတယ်။

အဆိုပါ ကောလာဟလသတင်းနဲ့ပတ်သက်ပြီးလည်း စစ်ကောင်စီက အရေးတယူ ချက်ချင်းဖြေရှင်းပေးတာမျိုးမရှိတဲ့အတွက် သတင်းမှားဟာ အချိန်အတော်ကြာအထိ ပျံ့နှံ့နေခဲ့တာပါ။

မြန်မာလုပ်သားအများဆုံး လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးကတော့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးကို ပုံမှန်အတိုင်း လက်ခံဆောင်ရွက်ပေးနေကြောင်းနဲ့ ဆောင်ရွက်ပေးနေတဲ့ နိုင်ငံကူးလက်မှတ်အမျိုးအစားတွေကို အများသိရှိနိုင်ဖို့ ဒီကနေ့ ထုတ်ပြန် ဖော်ပြခဲ့ပါတယ်။

(က) ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကိုင်ဆောင်တဲ့ PJ အမျိုးအစား နိုင်ငံကူးလက်မှတ်တွေ၊

(ခ) ပြည်ပမှာ ပညာသင်ကြားနေတဲ့ မြန်မာနိုင်ငံသား ကျောင်းသားတွေကိုင်ဆောင်တဲ့ PE အမျိုးအစား နိုင်ငံကူးလက်မှတ်တွေ၊

(ဂ) ပြည်ပမှာ ပညာသင်ကြားနေတဲ့ မြန်မာသံဃာတော်တွေ ကိုင်ဆောင်တဲ့ PR အမျိုးအစား နိုင်ငံကူး လက်မှတ်တွေ၊

(ဃ) ထိုင်းနိုင်ငံမှာ မှီခိုဗီဇာနဲ့ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ ကိုင်ဆောင်တဲ့ PT အမျိုးအစား နိုင်ငံကူးလက်မှတ်တွေ၊

(င) မြန်မာနိုင်ငံ သင်္ဘောသားတွေကိုင်ဆောင်တဲ့ PS အမျိုးအစား နိုင်ငံကူးလက်မှတ်တွေကို သက်တမ်းတိုး ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ ဘန်ကောက်ရှိ မြန်မာသံရုံးအနေနဲ့ ဖော်ပြထားတဲ့နိုင်ငံကူးလက်မှတ်တွေကို သက်တမ်းတိုးလိုသူတွေအနေနဲ့ ကြိုတင်ရက်ချိန်းရယူပြီး နေ့ချင်းပြီး သက်တမ်းတိုးပေးနေတယ်လို့လည်း အသိပေးထားပါတယ်။

The Tanintharyi Times