မြန်မာစစ်တပ်ပိုင် ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို သပိတ်မှောက်ဖို့ Burma Campaign UK ထုတ်ပြန်
မြန်မာစစ်တပ်ပိုင် ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို သပိတ်မှောက်ဖို့ Burma Campaign UK ထုတ်ပြန်
မြန်မာစစ်တပ်ပိုင် လုပ်ငန်းနဲ့ စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကုမ္ပဏီပေါင်း ၃၀ ရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတို့ကို သပိတ်မှောက်ရမယ့် စာရင်းအဖြစ် ဗြိတိန်က မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားနေတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ Burma Campaign UK က ထုတ်ပြန်လိုက်ပါတယ်။
အခု ထုတ်ပြန်လိုက်တဲ့ သပိတ်မှောက်ရမယ့် စစ်တပ်ပိုင်လုပ်ငန်း ၃၀ ဟာ အရင်သပိတ်မှောက်စာရင်းမှာ ပါတဲ့ ထုတ်ကုန်တွေကို နာမည်အမျိုးမျိုးနဲ့ ပြောင်းလဲထားတာကြောင့် ထည့်သွင်းကြေညာရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“စစ်တပ်ပိုင်ကုမ္ပဏီကထုတ်တဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု အများအပြားဟာ မြန်မာစစ်တပ်အတွက် အရေးပါသလို နိုင်ငံရဲ့စီးပွားရေးကဏ္ဍမှာ အမြဲပါဝင်လွှမ်းမိုးထားတာကို ပြသနေတယ် “ လို့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။
သပိတ်မှောက်စာရင်းမှာ ပါတဲ့ လုပ်ငန်း ၃၀ ထဲမှာ Star Sanitizing၊ Star Sanitizing Gel၊ ဘုန်းမြတ်မင်း သွင်းကုန်လုပ်ငန်း၊ Ever Meter ၊ အဓိပတိစိုက်ပျိုးရေးထုတ်ကုန်လုပ်ငန်းနဲ့ ဆန်စက်အရောင်းဆိုင်၊ လှိုင်သာယာပြည်တွင်းရေကြောင်းကွန်တိန်နာ လုပ်ငန်း၊ မြန်မာရူဘီ ကျောက်မျက်ရတနာ လုပ်ငန်း၊ မြန်မာ့ကျောက်စိမ်းလုပ်ငန်း၊ ဒဂုံစတား ယူနိုက်တက် ဘောလုံးအသင်း၊ OSM နဲ့ ဥက္ကံ သကြား၊ Yangon Amber Beer ၊ Knowledge Light မဂ္ဂဇင်း၊ ငွေတာရီ မဂ္ဂဇင်း၊ မြဝတီရသစုံ မဂ္ဂဇင်း၊ သုတကမ္ဘာဂျာနယ်၊ မြဝတီ မဂ္ဂဇင်း စာပေနဲ့ စာကြည့်တိုက်၊ တေဇစာစောင်၊ Aurora နဲ့ Sport View ဂျာနယ်၊ Chii Mala Tang Restaurant ၊ Naungtaya လက်ဖက်ခြောက်နဲ့ အသီးခြောက် လုပ်ငန်း၊ ငွေပင်လယ် မွေးမြူရေးလုပ်ငန်း၊ ရတနာပုံခန်းမ စတာတွေ ပါဝင်ပါတယ်။
မြန်မာပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်လက်နက်တွေ သုံးတဲ့နေရာမှာ ကူညီပေးဆောင်နေတာတွေ မဖြစ်ဖို့ သံရုံးတွေ၊ ကုလသမဂ္ဂအေဂျင်စီတွေ၊ နိုင်ငံတကာ ကုမ္ပဏီတွေကို ဒီသပိတ်မှောက်စာရင်းကို သေချာကြည့်ကြဖို့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က တိုက်တွန်းထားပါတယ်။
Burma Campaign UK အနေနဲ့ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း စစ်အုပ်စုနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းပေါင်း ၁၅၀ ကျော်ကို ပြည်သူတွေ သပိတ်မှောက်ရမယ့် စာရင်းအဖြစ် ထုတ်ပြန်ထားပါသေးတယ်။
တော်လှန်ရေးအင်အားစုတွေကလည်း စစ်တပ်ပိုင် ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို သပိတ်မှောက်ကြဖို့ တောက်လျှောက် တိုက်တွန်တောင်းဆိုနေပြီး မြန်မာဘီယာ အပါအဝင် အရက် ဘီယာ ဆေးလိပ် ၈ မျိုးနဲ့ အောင်ဘာလေထီ၊ နန်းမြိုင်နဲ့ ရွှေဖီဦး တံဆိပ် ကုန်ပစ္စည်းတွေ၊ ရွှေမန်းသူ ယာဉ်လိုင်း ၅ လိုင်း စတာတွေဟာ ပြည်သူတွေ သပိတ်မှောက်ရမယ့်စာရင်းအဖြစ် ကြေညာထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ ပြည်သူတွေသပိတ်မှောက်စာရင်းမှာ ပါဝင်တဲ့ သူတို့ရဲ့ ထုတ်ကုန်တွေကို ရောင်းချဖို့ စူပါမားကတ် အပါအဝင် ဈေးဆိုင်ငယ်တွေကိုပါ ဖိအားပေး၊ ခြိမ်းခြောက်တာတွေ လုပ်ဆောင်နေပါတယ်။
The Tanintharyi Times
The Tanintharyi Times
