TPLF တပ်ဖွဲ့ ၂ နှစ်ပြည့်ကို KNLA ဒုစစ်ဦးချုပ်နဲ့တော်လှန်ရေးအင်အားစုတွေ သဝဏ်လွှာပေးပို့

TPLF တပ်ဖွဲ့ ၂ နှစ်ပြည့်ကို KNLA ဒုစစ်ဦးချုပ်နဲ့တော်လှန်ရေးအင်အားစုတွေ သဝဏ်လွှာပေးပို့

ဓာတ်ပုံ - TPLF

ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ ရဲ့ နှစ်နှစ်ပြည့်နေ့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် စောဘောကျော်ဟဲ နဲ့ တော်လှန်ရေးအင်အားစုတွေက သဝဏ်လွှာတွေပေးပို့ခဲ့ကြတယ်လို့ တပ်ဖွဲ့ဆီကသိရပါတယ်။

TPLF တပ်ဖွဲ့တည်ထောင်တဲ့ နှစ်နှစ်ပြည့်အခမ်းအနားကို မနေ့က စစ်ရေးပြအခမ်းအနားတွေနဲ့ကျင်းပခဲ့တာပါ။

ထားဝယ်ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ – TPLF ဟာ ထားဝယ်ဒေသအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပါအဝင် အခြားတော်လှန်ရေး အင်အားစုတွေနဲ့အတူပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်နေတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။

KNLA ဒုတိယစစ်ဦးစီးချုပ် ပေးပို့တဲ့ဝဏ်လွှာမှာ ၂ နှစ်တာကာလအတွင်း စစ်အာဏာရှင်ကို တော်လှန်ရာမှာ ပင်ပန်းဆင်းရဲမှုတွေ၊ ခက်ခဲကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်သလို အသက်၊ သွေး၊ ချွေးတို့နဲ့ တိုင်းပြည်၊ လူမျိုးအတွက် ပေးဆပ်လိုက်ရမှုတွေလည်း ရှိမှာဖြစ်ပေမယ့် လွတ်မြောက်မှုပန်းတိုင်ဆီသို့ရောက်အောင် ဆက်လက်ချီတက်ကြရမှာ ဖြစ်တယ်လို့ဖော်ပြထားပါတယ်။

TPLF အနေနဲ့ မပြီးဆုံးသေးတဲ့ ပြည်သူ့တော်လှန်ရေးခရီးကို အခြားမဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီး အာဏာရှင်စနစ်အမြစ်ပြတ်တဲ့အထိ ဆက်လက်ချီတက်တိုက်ပွဲဝင်မယ်လို့ယုံကြည်ကြောင်းလည်း အဲဒီသဝဏ်လွှာမှာ ရေးသားထားပါတယ်။

TPLF ရဲ့ ၂ နှစ်ပြည့်အခမ်းအနားကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့အပါအဝင် တော်လှန်ရေးအဖွဲ့အစည်း ၁၀ ခုကျော်က သဝဏ်လွှာတွေပေးပို့ခဲ့ကြတာပါ။

TPLF ရဲ့ ၂ နှစ်ပြည့် ထုတ်ပြန်ကြေညာချက်မှာတော့ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက် အခိုင်အမာနဲ့ စနစ်တကျဖွဲစည်း တည်ဆောက်ပြီး တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်တွေ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ကောင်းမွန်တဲ့မဟာမိတ် ဆက်ဆံရေးကို တည်ဆောက်ခဲ့ပြီး နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ အကူအညီတွေ ပံ့ပိုးပေးခဲ့ကြတဲ့ တော်လှန်ရေးအဖွဲ့အစည်း အသီးသီးကို ကျေးဇူးတင်ကြောင်း ရေးသားထားပါတယ်။

The Tanintharyi Times