ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို ထိုင်းအာဏာပိုင်တွေ ပြန်လည်ပို့ဆောင်

ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို ထိုင်းအာဏာပိုင်တွေ ပြန်လည်ပို့ဆောင်

Migration
ဓာတ်ပုံ - တိုင်းပြန်/ဆက်

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်တာကြောင့်ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၁၆၀ ကျော် ကို ဒီနေ့နေ့လည်ပိုင်းက ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ဘန်ကောက်ပိုစ့်ရဲ့သတင်းအရသိရပါတယ်။

ပြန်လည်ပို့ဆောင်ခံရတဲ့ မြန်မာနိုင်ငံသား ၁၆၀ ကျော်မှာ အမျိုးသမီး ၄၉ ယောက်ပါဝင်ပြီး သူတို့အားလုံးဟာ ထိုင်းဘက်မှာ ဥပဒေအရ စိစစ်အရေးယူတာတွေပြုလုပ်ပြီးသားဖြစ်တယ်လို့သိရပါတယ်။

သူတို့ကို ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ရေလမ်းကနေတဆင့် ပို့ဆောင်ခဲ့တာဖြစ်ပြီး ရနောင်းအုပ်ချုပ်ရေးမှူး ဆုမ်ကစ်ဆီဆာနက် နဲ့ မြန်မာသံရုံး အလုပ်သမားရေးရာ တာဝန်ခံတွေက တာဝန်ယူလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းက အကျဥ်းထောင်တွေထဲမှာ လွတ်ရက်စေ့ပေမယ့် မြန်မာဘက်က ခေါ်ယူတဲ့ အရေအတွက် နည်းတာကြောင့် ထောင်တွေထဲ ဆက်ပြီး နေနေကြရတဲ့မြန်မာနိုင်ငံသားပေါင်း ၄ထောင်ကျော်အထိရှိတယ်လို့လည်းသိရပါတယ်။

ပြန်လည်ဝင်ရောက်လာသူတွေထဲက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသူတွေကို နေရပ်ချက်ခြင်းပို့ဆောင်ပေးသွားမှာဖြစ်ပြီး ကာကွယ်ဆေးမထိုးနှံရသေးသူတွေကို ကော့သောင်းမြို့က Quarantine Center တွေမှာ ၃ရက်ထားရှိလို့ ပိုးမတွေ့မှ နေရပ်ကိုပြန်လည်ပို့ဆောင်မှာဖြစ်တယ်လို့ တနင်္သာရီတိုင်းပြန်ဆက်ကထုတ်ပြန်ထားပါတယ်။

The Tanintharyi Times