နိုင်ငံ့စီးပွားရေး ကျပ်တည်းနေလို့ ပြည်သူတွေ လက်ဖက်ရည်လျှော့သောက်ဖို့ ပါကစ္စတန်ဝန်ကြီးပြော
နိုင်ငံ့စီးပွားရေး ကျပ်တည်းနေလို့ ပြည်သူတွေ လက်ဖက်ရည်လျှော့သောက်ဖို့ ပါကစ္စတန်ဝန်ကြီးပြော
စီးပွားရေး အကြပ်ရိုက်မှုတွေနဲ့ ကြုံနေရတဲ့ ပါကစ္စတန်မှာ ပြည်သူတွေ လက်ဖက်ရည် လျှော့သောက်ဖို့ စီမံကိန်းနဲ့ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဖက်ဒရယ်ဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။
ပါကစ္စတန်ဟာ ကမ္ဘာမှာ လက်ဖက်ခြောက်တင်သွင်းမှု အများဆုံးနိုင်ငံဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မှာ လက်ဖက်ခြောက် တင်သွင်းမှုတန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၆၄၀ ကျော်အထိ ရှိခဲ့ပါတယ်။
နိုင်ငံတွင်းကို လက်ဖက်ခြောက် တင်သွင်းရာမှာ အကြွေးစနစ်နဲ့ တင်သွင်းကြတာဖြစ်လို့ ခုအခါမှာ အစိုးရအပေါ် ဘဏ္ဍာရေးဖိအားတွေ ဖြစ်နေတယ်လို့ အာရှန် အစ်ခ်ဘဲလို့ ခေါ်တဲ့ အဲဒီ ဝန်ကြီးက ပြောပါတယ်။
“လက်ဖက်ရည်ကို တစ်ရက်မှာ တစ်ခွက် ဒါမှမဟုတ် နှစ်ခွက်လောက်ပဲ သောက်ကြပါ” လို့ အာရှန် အစ်ခ်ဘဲက တိုက်တွန်းခဲ့တာပါ။
ပါကစ္စတန် ပြည်သူတွေကတော့ ဝန်ကြီးရဲ့ ပြောစကားကို လှောင်ပြောင်နေကြပြီး လက်ဖက်ရည် လျှော့သောက်ရုံနဲ့ နိုင်ငံ့စီးပွားရေး ကယ်တင်ဖို့အတွက် အထောက်အကူမဖြစ်နိုင်ကြောင်း တုန့်ပြန်ကြပါတယ်။
ကမ္ဘာ့နိုင်ငံ အများအပြားမှာ ကြုံနေရတဲ့ နည်းတူပဲ ပါကစ္စတန်ဟာလည်း အစားအစာနဲ့ စက်သုံးဆီစျေးနှုန်း ကြီးမြင့်မှုတွေကို ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ ဝန်ကြီးချုပ် အီမရန်ခန်းကို စီးပွားရေး စီမံခန့်ခွဲမှု အလွဲတွေ ရှိတယ်လို့ အတိုက်အခံပါတီက စွပ်စွဲ ဖြုတ်ချခဲ့ပါတယ်။
ဒါပေမယ့် အီမရန်ခန်းကို ဖြုတ်ချပြီး အသစ်တက်လာတဲ့ ဝန်ကြီးချုပ်ဟာလည်း စီးပွားရေး အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ရုန်းကန်နေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လမှာ ပါကစ္စတန်ဟာ သွင်းကုန်တင်သွင်းမှု ကန့်သတ်တာတွေ လုပ်ခဲ့ပြီး မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်း မဟုတ်တဲ့ ဇိမ်ခံအသုံးအဆောင်တွေကို တင်သွင်းခွင့် ပိတ်ခဲ့ပါတယ်။
ကိုးကား – Thaiger
The Tanintharyi Times
