ထားဝယ်အခြေစိုက် PDF ပူးပေါင်းတပ်ဖွဲ့တွေ ရန်ကုန်-ထားဝယ်ကားလမ်းမကို နယ်မြေစိုးမိုးနိုင်ဖို့ ကြိုးပမ်း

ထားဝယ်အခြေစိုက် PDF ပူးပေါင်းတပ်ဖွဲ့တွေ ရန်ကုန်-ထားဝယ်ကားလမ်းမကို နယ်မြေစိုးမိုးနိုင်ဖို့ ကြိုးပမ်း

ဓာတ်ပုံ - TPLF

ထားဝယ်-ရန်ကုန် ကားလမ်းမကို နယ်မြေစိုးမိုးနိုင်ဖို့ ထားဝယ်ခရိုင်မှာအခြေစိုက်တဲ့ ပြည်သူ့ ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေ ကြိုးပမ်းလာကြပါတယ်။

ဇူလိုင်လ ၂ ရက်နေ့က ကားလမ်းမပေါ်မှာ ပူးပေါင်းအဖွဲ့တွေ နယ်မြေစိုးမိုးရေးအတွက် လုံခြုံရေးဆိုင်ရာစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး စစ်ဆေးမှုမှာ ပူးပေါင်းပါဝင်ပေးခဲ့ကြတဲ့ ခရီးသွားပြည်သူတွေကို ကျေးဇူးတင်ကြောင်း ထားဝယ်ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့နဲ့ ကံပေါက်ဒေသ ကာကွယ်ရေးတပ်ဖွဲ့တို့က သတင်းထုတ်ပြန်ထားပါတယ်။

“အမှတ်၈လမ်းမအပေါ်က ဖက်ဆစ်စစ်တပ်ရဲ့ဆက်သွယ်ရေး နဲ့စစ်ဆင်ရေး ကိစ္စရပ်များကိုဖြတ်တောက်ဖို့ ရည်ရွယ်တာပါ” လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF)ရဲ့ တာဝန်ရှိသူက တနင်္သာရီတိုင်းမ် ကို ပြောပါတယ်။

နောက်ထပ်လည်း နယ်မြေစိုးမိုးရေး လှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ထားဝယ်-ရန်ကုန်ကားလမ်းမပေါ်က ထားဝယ်-ရေးလမ်းပိုင်းနယ်မြေစိုးမိုးရေးလုပ်ငန်းတွေကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF)၊ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့(KBDF)၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(T1)၊ ဝေဟင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ဇင်ယော် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TPDF)၊ ရေဖြူအလယ်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA) အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အလားတူ ထားဝယ်-ရန်ကုန်ကားလမ်းမပေါ်က မွန်ပြည်နယ်အတွင်း လမ်းပိုင်းတွေမှာလည်း ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး နယ်မြေစိုးမိုးရေး လုပ်ရှားမှုတွေကို လုပ်ဆောင်နေကြပါတယ်။

The Tanintharyi Times