လက်နက်ထောက်ပို့လုပ်ရင်း ထိုင်းမှာ အဖမ်းခံခဲ့ရတဲ့ တောင်ပိုင်းသားလူငယ်တစ်ဦးနဲ့ အင်တာဗျူ

လက်နက်ထောက်ပို့လုပ်ရင်း ထိုင်းမှာ အဖမ်းခံခဲ့ရတဲ့ တောင်ပိုင်းသားလူငယ်တစ်ဦးနဲ့ အင်တာဗျူ

ပုံစာ - မြန်မာဘက်ကို ပို့မဲ့ လက်နက်အများအပြား ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်တွေ

၂၀၂၁ ခုနှစ်က စခဲ့တဲ့ အာဏာရှင်တော်လှန်ရေးဟာ အခုဆို ၂နှစ်ကျော်ရှိနေပေမဲ့ အရှိန်မသေသေးဘဲ ဆက်လက်တိုက်ပွဲဝင်နေကြတုန်းပါပဲ။ ဒီအခြေအနေမှာ တောင်ပိုင်းဒေသက တိုက်ပွဲတွေအတွင်း အသက်ပေးလှူရသူတွေ၊ ခြေလက်အင်္ဂါစွန့်လွှတ်ရသူတွေ ရှိသလို ထောက်ပို့လုပ်ရင်း အဖမ်းခံရ၊ အသတ်ခံရသူတွေလည်း အများအပြားရှိနေပါတယ်။ အဖမ်းခံရသူတွေဟာ ပြည်တွင်းသာမက အိမ်နီးချင်းနိုင်ငံမှာလည်း အဖမ်းခံနေရတာပါ။ အဲ့ဒီလို အဖမ်းခံခဲ့ရသူတွေထဲက လက်နက်ထောက်ပို့လို့ ထိုင်းမှာဖမ်းဆီးခံရကာ နှိပ်စက်ပြီး စစ်ဆေးမေးမြန်းခြင်းခံခဲ့ရတဲ့ တောင်ပိုင်းသားလူငယ်တစ်ဦးကို မေးမြန်းပြီး ဒီတပတ်ရဲ့ “တောင်ပိုင်းသားတို့အသံ”အစီအစဉ်ကနေ ဖော်ပြလိုက်ပါတယ်။

(တောင်ပိုင်းသားတို့အသံ)

မေး – ဘာကြောင့်အဖမ်းခံရတာလဲ။

ဖြေ – ပကျွတ်-ရနောင်းလမ်းတစ်နေရာမှာ ထိုင်းကားသမားနဲ့အတူတူကျနော်တင်ပေးလိုက်တဲ့ လက်နက်တွေကို ဖမ်းမိသွားတယ်။ ‌အဲကားသမားအဖမ်းခံရပြီး ရက်နှစ်ဆယ်လောက်အကြာမှာ ရနောင်းရဲတွေ ကျနော့်ကိုအိမ်မှာလာဖမ်းတယ်။ ကျနော်အိမ်မှာမရှိတော့ ကျနော့်သူငယ်ချင်း ၇ ယောက်ကိုဖမ်းသွားတယ်။ ပြီးမှကျနော်အပြင်ကပြန်လာတော့ သူတို့ကျနော့်အိမ်မှာစောင့်နေကြတယ်။ လာတာနဲ့ကျနော့်နာမည်မေးပြီး တခါတည်းဖမ်းခေါ်သွားတယ်။ ကျနော့်တယောက်ကို ကားတစ်စီးနဲ့သီးသန့်ဖမ်းတယ်။ ဖမ်းတဲ့အချိန်သေနတ်တွေ အားလုံးချိန်ထားတယ်။ အဓိကလာဖမ်းတာက ကျနော့်တယောက်တည်းဆိုတော့ ကျန်တဲ့သူတွေကိုညတွင်းချင်းလွှတ်လိုက်တယ်။ ကျနော့်ကို ညတွင်းချင်းစစ်မေးတယ်။

မေး – ဘယ်သူတွေကဖမ်းတာလဲ။

ဖြေ – လာဖမ်းတဲ့အထဲမှာ ဗမာတွေလည်းပါတယ်။ မူးယစ်အနောက် လိုက်နေတဲ့သူတွေ။ ထိုင်းစစ်တပ်ပါတယ်၊ နယ်မြေခံရဲတွေပါတယ်၊ မူးယစ်တွေပါတယ်။ စစ်သားနဲ့နယ်ထိန်း၅ ယောက်ရှိတယ်။ N4 ကိုးလုံးကျည်သေနတ်ကိုင်ပြီး ကျနော်ကိုဖမ်းတယ်။ အပြင်ကား က ၇ စီး သီးသန့်ရပ်ထားတယ်။ အိမ်စီးကားတွေ စစ်ဆေးရေးလုပ်တဲ့ ကွန်မန်ဒိုကားတွေ ၇စီးလောက်ရှိတယ်။ စစ်သားက ဆယ်ကျော်ပါ။ ထိုင်းနယ်စပ်မြို့တစ်မြို့မှာအဖမ်းခံရတာပါ။ ညဘက် ၁၀ နာရီလောက်မှာလာဖမ်းတာ။ လာဖမ်းတာနဲ့ ဘာပြောလဲဆိုတော့ မင်းကိုလိုက်ရှာနေတာကြာပြီ ဘယ်တွေသွားနေတာလဲလို့မေးတယ်။ ရနောင်းတမြို့လုံးမှာ လိုက်ရှာနေတာ ၅ ရက်ရှိပြီလို့ ကျနော့်ကိုပြောတယ်။

မေး – ဘယ်နေရာမှာ ဘယ်နှရက်လောက်အဖမ်းခံခဲ့ရတာလဲ။

ဖြေ – ရနောင်းမှာရဲစခန်းက သုံးခုရှိတယ်။ အဲဒီထဲက အပေါ်ရုံးကြီးလို့ အများစုခေါ်တဲ့ အပေါ်ရဲစခန်းကိုခေါ်သွားတယ်။ ကျနော်စုစုပေါင်း လေးရက်အဖမ်းခံရတယ်။ ၂ ရက်က အဲဒီရဲစခန်းမှာ။ နောက်နှစ်ရက်က ဝမ့်ပါချန်ထိုင်းစစ်တပ်မှာအဖမ်းခံရတယ်။

မေး – အဖမ်းခံရစဥ်အတောအတွင်း ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေက ဘယ်လို ရှိပါသလဲ။

ဖြေ – ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ကျနော့်ဆရာနှစ်ယောက်ရဲ့ ဓာတ်ပုံပြတယ်။ ကျနော်မသိဘူးလို့ ငြင်းတယ်။ နောက်ဆုံး ကျနော့်ဖုန်းစစ်လိုက်တော့ ကျနော့်ဆရာနဲ့ ကျနော်စကားပြောထားတာတွေ Line မှာတွေ့သွားတယ်။ မင်းပြောတော့ မသိဘူးဆိုလို့ပြောပြီး ကျနော်ကိုရိုက်တော့တာပဲ။ လက်နဲ့ပဲရိုက်တယ်။ ဦးနှောက်နဲ့ နားရင်းတွေကိုရိုက်တယ်။ ကျနော့် private area ကိုလည်း ခြေထောက်တွေနဲ့ကန်တယ်။ ကျနော့်ကိုအမျိုးမျိုးစစ်မေးတယ်။ တကယ်က ထိုင်းဥပဒေအရ ဖမ်းလာပြီးတဲ့လူတစ်ယောက်ကို အချုပ်ထဲထည့်တာ တရားခွင်မသွားဘဲ သက်သေလိုက်တဲ့အချိန်မှာ အဲဒီတရားခံကို အချုပ်ခန်းထဲမှာ လက်ထိပ်ခတ်ပြီး ထားပိုင်းခွင့်မရှိဘူး။ ဒါပေမဲ့ ကျနော့် လက်ထိပ်ခတ်ပြီးပဲ နေခဲ့ရတယ် လေးရက်လုံး။ စား‌တာသောက်တာကြတော့မပူရပါဘူး။ ပထမဆုံးရက်က အဆင်ပြေတယ်။ နောက်ရက်တွေကျတော့ ကျနော်ကို အရမ်းစစ်မေးတယ်။ ‌‌တနေ့လုံးကြိုးနဲ့ဆွဲပြီး ထားထားတဲ့ အခြေနေတွေ နောက်ပြီး ဇောက်ထိုးထားတဲ့ အခြေအနေတွေထားတယ်ဗျ။

ကျနော့ဖုန်းထဲမှာ တိုက်ပွဲဖြစ်တုန်းက ဗီဒီယိုတွေတွေ့သွားမှ ကျနော့်ကို ကြိုးတွေဖြေချပြီးကောင်းကောင်းမွန်မွန် စစ်ဆေး‌တယ်။ ကျနော်ကို ကရင်စစ်သားလို့ ထိုင်းလိုနဲ့ပြောတယ်။ သူတို့က ကရင်စစ်သားထင်သွားတာ။ ကရင်စစ်သားတွေဆို သူတို့က ဒီလောက်လုပ်မရဲဘူး။ ကရင်စစ်သား‌တယောက်ကို သူတို့က ဖမ်းချင်တိုင်းဖမ်းခွင့်မရှိဘူး။ ဘာဖြစ်လို့ဆို ထိုင်းနဲ့ကရင်နဲ့စာချုပ်ချုပ်ထားရှိတယ်ဗျာ။ နံပါတ် ၄ ‌ဘုရင်‌တုန်းကလား သေချာတော့မသိတော့ဘူး။ ကရင်လူမျိုးတွေကို စောင့်ရှောက်ရမယ်ဆိုတဲ့ ကတိတခုရှိတယ်။ အဲဒါကြောင့် ထိုင်းစစ်တပ်က ကရင်စစ်သားတွေ ဖမ်းခွင့်မရှိဘူး။

၃ ရက်မြောက်နေ့မှာ ထိုင်းစစ်တပ်တစ်ခုဆီကို တစ်ခါခေါ်သွားတာ။ အဲမှာကျနော့်ကို ချီးတွင်းထဲမှာ ထားတယ်ဗျ။ အဲလိုစစ်မေးတာ။ လွတ်လာပြီး၂လလောက်ကြာမှ အနံ့ပျောက်တယ်။ ကျနော့်အမှုကို ပထမ ရဲကိုင်တယ်။ ဘာလို့ လက်နက်မှောင်ခို၊ လူကုန်ကူးလုပ်တယ်ဆိုတဲ့ ကိစ္စတွေနဲ့ ကျနော်ကိုဖမ်းတာ။ တကယ့်တကယ်ဖမ်းပြီးစစ်တော့ ကရင်စစ်သားလို့ထင်သွားပြီး ရဲတွေက မကိုင်တော့ဘဲ စစ်‌တပ်ကို ပြောင်းလိုက်တယ်။

ကျနော့်ကိုဖမ်းထားတဲ့ အတောအတွင်းမှာလည်း ကျနော်နဲ့ပတ်သက်တဲ့ကလေးတွေ ဖမ်းလာတယ်။ နားရင်းတွေရိုက်ခံရလို့ ငိုငိုပြီးဝင်လာကြတယ်။ မနည်းဘူး ရိုက်ခံထိတာ။ ကျနော်ကလွဲလို့ ကလေးတွေ အကုန်ပြန်လွတ်တယ်။ ပိုက်ဆံနဲ့ရွေးရတာ။ တစ်ယောက်ဘတ် သုံးသောင်း၊လေးသောင်းပေးရတယ်။

မေး – စစ်ဆေးမေးမြန်းတဲ့အခါမှာ မြန်မာဘက်ကကော ဝင်ရောက်စစ်မေးတာရှိလား။ ဘယ်သူတွေက စစ်မေးခဲ့တာလဲ။

ဖြေ – ဘာသာပြန်ပဲရှိတယ်ဗျ။ သူက မူးယစ်နောက်လိုက်။ အဓိကက ထိုင်းရဲဘက်ကနေ အလုပ်လုပ်ပေးနေတာမျိုး။

မေး – စစ်မေးခံရချိန်မှာ သူတို့က ဘယ်အကြောင်းအရာတွေကို အဓိကထားမေးလဲ။

ဖြေ – အဓိကမေးတာက ဒီသေနတ်တွေ ဘယ်ကဝယ်လာတယ်။ဘယ်သူရောင်း‌တယ်။ဘယ်နှစ်ယောက်သယ်တယ်။ ဘယ်နေရာကိုပို့တယ်။ ဘယ်လိုသယ်တယ်။ ဒါတွေမေးတယ်။ ကျနော်ကတော့လျှောက်ဖြေတာပေါ့။ ဖုန်းထဲလည်းစစ်တော့ ဒလန်ရှင်းတဲ့ပုံတွေစစ်တိုက်နေတဲ့ပုံတွေပဲရှိတော့ ပွဲစားမဟုတ်ဘူးလို့ ရိုးရိုးစစ်သားဆိုတာ ယုံသွားကြတယ်။ ဘာဖြစ်လို့ဖမ်းလဲဆိုတာ ကျနော့်ကိုပြောပြတယ်။ ဗမာပြည်မှာအရေးခင်းဖြစ်နေတော့ ထိုင်းကနေလက်နက်သယ်နေတာအများကြီးပဲ။ တချို့ဟာတွေကိုတော့ မသိချင်ယောင်ဆောင်ပေးတယ်။ တချို့ကျတော့ မရတဲ့အခြေနေတွေရှိနေတော့ ဖမ်းပေးရတယ်ပြောတယ်။ နောက်တစ်ခုကမြန်မာပြည်မှာအကြီးအကျယ်ဖြစ်လာပြီဟေ့ဆိုရင် ထိုင်းကလက်နက်တွေ သယ်ခွင့်ပြုထားလို့ဆိုတဲ့ ကိစ္စတွေနဲ့ နှစ်နိုင်ငံစစ်ဖြစ်လာမှာ စိုးရိမ်ပြီး ဖမ်းရတာပါဆိုတာမျိုး ကျနော့်ကိုဖြောင့်ချက်ပေးတယ်။

ကျနော့်ကို ဘန်ကောက်ဘက်ကနေလည်း ဝရမ်းလာတယ်။ မြန်မာနိုင်ငံကနေ လူကုန်ကူး၊ လက်နက်မှောင်ခိုလုပ်တယ်ဆိုတဲ့ အမှု သက်သေအတုတွေနဲ့ မြန်မာစစ်တပ်ကထိုင်းရဲကိုပေးထားတယ်တဲ့။ ပကျွတ်မှာ လက်နက်မိတဲ့ကိစ္စနဲ့လည်းထပ်သွားပြီး ကိစ္စနှစ်ခုက တိုက်ဆိုင်သွားတယ်။ အဲ့မှာကျနော် အဖမ်းခံရတာ။ ရဲတွေပြောတာတော့ ဝရမ်းကိစ္စရော၊ လက်နက်ကိစ္စရော နှစ်ခုလုံးပေါင်းပြီးဖမ်းတယ်လို့ ကျနော့်ကိုပြောတယ်။

မေး – ဘယ်နှစ်ရက်လောက် အဖမ်းခံရပြီးမှာ ဘယ်လို လွတ်မြောက်လာခဲ့တာလဲ။

ဖြေ – လေးရက်အဖမ်းခံရပြီး ထိုင်းဘတ် ၃သိန်းခွဲပေးပြီးမှ လွတ်လာတာ။ လွတ်လာတာကလည်း ည ၁၂ နာရီ‌လောက်ရှိပြီ၊ ခေါင်းမှာအိပ်မည်းစွပ်ပြီး ခေါ်ထုတ်လာတာ။ စစ်သားတစ်ယောက်၊ ရဲတစ်ယောက် အလယ်မှာ ကျနော့်ကို ညှပ်ပြီး ခေါ်ထုတ်လာတာ။ ဘုရင်မပန်းခြံမှာ ထားခဲ့တယ်။

မေး – လွတ်လာပြီးနောက်ပိုင်းမှာကော လုံခြုံဘေးကင်းရဲ့လား။ ဘယ်လိုအခြေနေတွေထပ်ကြုံရသေးလဲ။

ဖြေ – လွတ်ပြီး နောက်တစ်နေ့မနက်မှာပဲ ကျနော့်ဆီရနောင်းရဲစခန်းက စခန်းမှူးနားကနေခဏတွေ့ချင်လို့ဆိုပြီး ဖုန်းဆက်လာတယ်။ ဖုန်းဆက်လာတော့ ဖုန်းကိုင်ပြီးတာနဲ့ ကျနော်နေတဲ့နေရာကနေ အပြင်ကြည့်လိုက်တာ စစ်သားတွေရဲသားတွေရောက်နေတယ်။ မဟန်တော့ပြီဆိုပြီး သုံးနေတဲ့ဆင်းကဒ်ကိုတခါတည်းချိုးပြီး ကျနော့်သူငယ်ချင်းကို ဖုန်းဆက်ပြီး ဝိုင်ဒင်းကိုတခါတည်း သွားလိုက်တယ်။ ဝိုင်ဒင်းကိုးယောက်ကျတဲ့ပွဲမှာ ကျနော်လည်းရှိနေတယ်။

မေး – အခုအခြေအနေမှာ ဘယ်လိုနေထိုင်နေရလဲ။

ဖြေ – ကျနော်ဇာတ်မြှုပ်ပြီး နေနေတာပေါ့။ တော်လှန်ရေးအဖွဲ့က ထွက်လာပြီး ကျနော်ဇာတ်မြှုပ်ပြီး နေတယ်။ ပေါ်ပေါ်တင်တင်ဘာမှ မလုပ်ဘူး။

မေး – ကိုယ့်လိုပဲ အဖမ်းမခံရအောင် အခြားသူတွေကို မှာချင်တာရှိလား။

ဖြေ – အဓိကကကျတာတော့ (ဖုန်း)ဆင်းကဒ်ပဲ။ ပတ်စပို့နဲ့ပြပြီး မဝယ်မိဖို့။ ပတ်စပို့ပြပြီးဝယ်ထားတဲ့ နံပါတ်ဆိုရင် ဖုန်းနံပါတ်ရတာနဲ့ တည်နေရာရှာပြီး ချက်ချင်းလာဖမ်းလို့ ရတယ်လေ။ မပြဘဲ ဝယ်ထားတဲ့နံပါတ်ဆိုရင်တော့ ပြေးချိန်ရသေးတာပေါ့။ ထိုင်းကနေတော်လှန်‌ရေးထောက်ပို့လုပ်နေသူတွေနဲ့ တခြားကရဲဘော်တွေကို အစစအရာရာဂရုစိုက်ဖို့ပြောချင်တယ်ဗျာ။

The Tanintharyi Times