ဗုံးကြဲလေယာဥ်နှင့် ပြည်သူ့ကွန်မန်ဒို ၊အပြိုင်မိတ်ဆက်ခံရသော တနင်္သာရီဗုံးကြဲလေယာဥ်နှင့် ပြည်သူ့ကွန်မန်ဒို

ဗုံးကြဲလေယာဥ်နှင့် ပြည်သူ့ကွန်မန်ဒို ၊အပြိုင်မိတ်ဆက်ခံရသော တနင်္သာရီဗုံးကြဲလေယာဥ်နှင့် ပြည်သူ့ကွန်မန်ဒို

မေလ ၁၄ ရက်နေ့သည် တနင်္သာရီတိုင်း၏ သမိုင်းဝင်နေ့ ဖြစ်သည်။

စစ်ကောင်စီက တနင်္သာရီတိုင်းအတွင်း ပထမဆုံး လေကြောင်းသုံး တိုက်ခိုက်ခဲ့သည့် နေ့ဖြစ်သလို တနင်္သာရီတိုင်းအထူးကွန်မန်ဒိုတပ်ကလည်း တိုက်ပွဲစတင်ပြီး ပြည်သူကို မိတ်ဆက်သည့် နေ့လည်းဖြစ်သည်။

တိုက်ပွဲက စခန်းသိမ်းတိုက်ပွဲ။

နေရာက ထားဝယ်ရေနက်ဆိပ်ကမ်း(ခေါ်) ထားဝယ်အထူးစီးပွားရေးဇုံ။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသက ထားဝယ်အထူးစီးပွားရေးဇုံအတွင်း တပ်စွဲထားသည့် စစ်ကောင်စီစခန်းအား ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

ထိုစီးနင်းမှုအတွက် ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တို့က မဟာမိတ်တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းတပ်ဖွဲ့ ဖွဲ့သည်။

စစ်ဆင်ရေးအောင်မြင်မှုအတွက် ပူးပေါင်းတပ်၏ တာဝန်ရှိသူများ၊ တာဝန်ခွဲယူကြသည့် ရဲဘော်များက ကြေကြေညက်ညက် ဆွေးနွေးကြ၊ လိုအပ်ချက်များ ပြင်ဆင်ဖြည့်စွက်ကြပြီးသား။

စတင် စီးနင်းသည့်အချိန်က ဝေလီဝေလင်း အရုဏ်ချိန်။ မေလ ၁၄ ရက်​နေ့၊ နံနက် ၅ နာရီခွဲ။

“ဝုန်း..၊ ဗုံး..”

တိုက်ပွဲအဖွင့်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က စစ်ကောင်စီ၏ စခန်းဝင်းအတွင်းသို့ Drone ဖြင့် ဝေဟင်မှ ဗုံးမိုးရွာချခြင်းဖြင့် စတင်လိုက်သည်။

“ဒေါက်..”

“ဒေါက်”

ဗုံးဒဏ်မှ လွတ်ထွက်လာသူများကို စနိုက်ပါသမားများက ကောက်စားသည်။

တစ်ကောင်၊ တစ်ချက်။

စခန်းဝန်းကျင်တွင် အသင့်စောင့်ကြို နေရာယူထားပြီးသည့် ပူးပေါင်းတပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်သား လှုပ်ရှားမှုမှန်သမျှကို ကျည်တောက်များဖြင့် ငြိမ်သက်စေသည်။

အချိန်တိုအတွင်း ထားဝယ်အထူးစီးပွားရေးဇုံနှင့် စစ်ကောင်စီဇုန်စခန်းဝန်းကျင်တစ်ခုလုံးကို ပူးပေါင်းတပ်ဖွဲ့ဝင်များ စီးထားလိုက်နိုင်သည်။

ပူးပေါင်းတပ်ဖွဲ့ဝင်တချို့က ကျည်ကွယ်မျက်ကွယ်ပင် မယူကြ။ အရဲကိုးကာ ရှေ့တိုးတက်ကြသည်။

သို့သော် တစ်ဖက်မှ ပြန်လည်ခုခံ၊ ပစ်ခတ်ရန် မစွမ်းသာ‌တော့။

စခန်းအတွင်းက စစ်ကောင်စီတပ်သားများအတွက်ရွေးစရာ လမ်းနှစ်ခုသာ ကျန်သည်။

အလံဖြူထောင် အညံ့ခံပြီးပြည်သူ့တပ်သားများထံ စစ်သုံ့ပန်းအဖြစ် အသက်ရှင်သန်မှုလမ်းကို ရွေးမလား။

သို့မဟုတ်..၊

သူတို့ ဗိုလ်ချုပ် မင်းအောင်လှိုင်ကောင်းစားရေးအတွက် အရိုးကိုက်ပြီး၊ အသေခံတိုက်ကြမလား။

သူတို့ဆီ စစ်ကူလာရန် လမ်းကမရှိ။ လာမည့်စစ်ကူကလည်း ကုန်းလမ်းပိုင်းတိုင်းကို စိုးမိုးထားသည့် ပူးပေါင်းတပ်သားများကိုကျော်ပြီး သူတို့ဆီ ရောက်လာရန် အကြောင်းမမြင်။

“ဝုန်း…ဝုန်း”

ထိုမနက်ခင်းတစ်ခုလုံး ထားဝယ်အထူးစီးပွားရေးဇုန်လမ်းပိုင်းတစ်လျှောက် မိုင်းဆွဲသံများက ညံမစဲ။

ဇုန်စခန်းကိုလည်း ဝိုင်းမိနေပြီ။ ပူးပေါင်းတပ်က စခန်းထဲ ဝင်ရောက် စီးနင်းရန် အသင့်။

စခန်းထဲက စစ်ကောင်စီတပ်သားများ အညံ့ခံမလား၊ အသတ်ခံမလား။

ထိုအချိန်တွင် တိုက်ပွဲမြေပြင်နှင့် တပ်ရင်း တာဝန်ရှိသူများထံ သတင်းတစ်ခု ဝင်လာသည်။

“မြိတ်လေတပ် စခန်းမှ YAK 130 Jack Fighter တစ်စီး မြိတ်မှ မြောက်ဘက်(ထားဝယ်ဘက်) ဦးတည်ပျံသန်းလာပြီ။ ကျန်လေယာဉ်အချို့လည်း ဝေဟင်သို့ ပျံတက်ရန် အသင့်”

ပူးပေါင်းတပ်ဖွဲ့ဦးဆောင်သူအချို့က ဝေဟင်တိုက်ပွဲ အတွေ့အကြုံရှိပြီးသား။

အထူးသဖြင့်..၊

တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွင်

ပြင်ဆင်လေ့ကျင့် တိုက်ပွဲအလီလီ နွှဲခဲ့ပြီးသည့် တနင်္သာရီတိုင်း အထူးကွန်မန်ဒိုတပ်က ဗိုလ်နဂါးဦးဆောင်သည့် တပ်ခွဲကစစ်ကောင်စီတပ်၏ လေကြောင်းပစ်ကူနှင့် ယဉ်ပါးပြီးသား။ ကိုယ့်လူကိုယ် ဗုံးပြန်ကြဲမိသည်အထိပစ်မှတ်လွဲ၊အဖြစ်မရှိကြောင်းလည်း သိနှင့်ပြီးသား။

ထင်သည့်အတိုင်းပင်…။

နံနက် ၈ နာရီ ၂၅ မိနစ်..၊

ပျက်ကျခါနီး စက်သံဆိုးကြီးဖြင့် တဝေါဝေါ မောင်းလာသည့် ဂျက်ဖိုက်တာ လေယာဉ်လေး။

လူမရှိ၊ သူမရှိ နေရာတစ်ခုသို့ လူသိသူသိ တစ်အုံးအုံးနှင့် ဗုံးမိုးရွာချကာ လာလမ်းသို့ ပြန်လစ်သွားသည်။

ပူးပေါင်းတပ်သားတို့က သူတို့နှင့် အလွန်ဝေးကွာသောအရပ်မှ ထွက်လာသည့် မီးခိုးလုံးကြီးများကို ကြည့်ကာ သက်ပြင်းချကြရပြီ။

ပူးပေါင်းတပ်၏ တွက်ချက်၊ ပြင်ဆင်မှုတွင် စစ်ကောင်စီ၏ လေကြောင်းပစ်ကူကိစ္စ မပါဝင်ခဲ့။ တိုင်းထဲတွင် စစ်ကောင်စီက ပထမဆုံး လေယာဉ်အသုံးပြုသည့် တိုက်ပွဲ။

ပစ်ချက်တွေကလည်း တက်တက်စင်၊ လွဲ။

“ဒီပုံဆို နောက်လေယာဉ်တွေ ထပ်လာပြီး ဗုံးလာကြဲရင် ရွာတွေကို ထိမှ ဒုက္ခ။ ပြန်ဆုတ်ကြစို့”

ရဲဘော်အားလုံး မချင့်မရဲ..၊ တောက်တစ်ခေါက်ခေါက်။

စခန်းက အခိုင်အမာ တည်ဆောက်ထားသော်လည်း သူတို့ ရဲရဲရင့်ရင့် တိုးဝင်၊ ထိုးဝင်ခဲ့ပြီးပြီ။ သိမ်းရန်သာ ကျန်တော့သည်။

“စစ်သားတချို့ဆို လက်နက်ချဖို့အထိပါ လက်မြှောက်နေကြပြီ။ လေယာဉ်သာ မလာခဲ့ရင် စခန်းသိမ်းနိုင်မှာ အသေအချာပဲ”

ထားဝယ်ခရိုင်တပ်ရင်း (၁)က တိုက်ပွဲဝင်ရဲမေ နိုဗယ်၏ မကျေမချမ်း မှတ်ချက်။

ထားဝယ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒီနေထူးကမူ ယခုကဲ့သို့ လေကြောင်းအသုံးပြု တိုက်ခိုက်လာမှုသည် တိုင်းအတွင်း စစ်ကောင်စီတပ်၏ မြေပြင်စိုးမိုးနိုင်မှု မရှိတော့သည်ကို ပြသလိုက်ခြင်းပင်ဖြစ်သည်ဟု မှတ်ချက်ပြုသည်။

စစ်ကောင်စီတပ်သားများအနေဖြင့် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်အဖွဲ့အစည်းကို စွန့်ခွါ၍ ပြည်သူ့ရင်ခွင်ခုံလှုံရန် အချိန်များစွာ မကျန်တော့ကြောင်း ပြောလာသည့် ရဲဘော်ကပ်ပတိန်က “ပြည်သူ့မေတ္တာခံယူရချိန်ဟာ နောက်ဆုံးအချိန်ရောက်နေပြီဆိုတာ သတိပြုစေချင်ပါတယ်” ဟု ပြောသည်။

ထိုနေ့က လေကြောင်းပစ်ကူကြောင့် ပြည်သူ့မျက်နှာထောက်ကာ တပ်ဆုတ်လိုက်ကြရသဖြင့် ဇုန်စခန်းအတွင်း ပိတ်မိနေသည့် စစ်ကောင်စီတပ်သားတချို့ သေကံမရောက် အသက်မပျောက်ခဲ့ပေ။

သို့သော် သူတို့ရှေ့တွင် သေ၍၊ နာ၍၊ မသေမရှင် ခံစား၍ ကျန်ခဲ့သူများကို ကြည့်ကာ ငါတို့အလှည့် ဘယ်တော့လဲ၊ တွေးနေပါလိမ့်မည်။

နောက်ဆက်တွဲ ကြားသိရသည်မှာ ထိုစခန်းထဲ စစ်ကောင်စီတပ်သား အလောင်း ၃ လောင်း၊ ဆန့်ငင်ဆန့်ငင်များ အပါအဝင် ဒဏ်ရာမျိုးစုံဖြင့် ၄၀ခန့် ပိတ်မိနေကြသည်ဟူ၏။

အပြင်မထွက်ရဲသဖြင့် အလောင်းပင် မြေမြှုပ်နိုင်ပုံ မပေါ်။

စခန်းမသိမ်းနိုင်ခဲ့သော်လည်း ပူးပေါင်းတပ်ဘက်က တစ်စုံတစ်ရာ ထိခိုက်မှုမရှိ၊ ပြန်လည်ခွာစစ်ဆင်နိုင်ခဲ့သည်။

ထိုတိုက်ပွဲကို အဓိက ကွပ်ကဲသည်က ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် ထားဝယ်ခရိုင်တပ်ရင်း(၁)က ဒုတိယတပ်ရင်းမှူး။

ပါဝင်ပူးပေါင်းစစ်ဆင်ကြသည်က ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဖြူ ပကဖ)၊ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(LLPDF)၊ DDT တပ်ခွဲ(၃)၊ DGRF တပ်ခွဲ(၄)၊ နွေဦးပျောက်ကျားတပ်ဖွဲ့၊ TPLF ၊ TPDF စသည့် မဟာမိတ်တပ်ဖွဲ့ဝင်များ။

အထူးပါဝင်တိုက်ခိုက်ခဲ့သည်က တနင်္သာရီတိုင်း အထူးကွန်မန်ဒိုတပ်။

တနင်္သာရီတိုင်း အထူးကွန်မန်ဒိုတပ်သည် တိုင်းတွင်း၌ တိုက်ပွဲဖော်ဆောင်ခဲ့သည်က ယခုပွဲမှတော့ မဟုတ်။

ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြောက်ကျားတိုက်ပွဲငယ်များ ဖော်ဆောင်ခြင်း၊ ပူးပေါင်းစစ်ကြောင်းတွင် ဝင်ကူတိုက်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

ယခုပွဲက ပြည်သူလူထုကို မိတ်ဆက်လိုက်သည့်ပွဲ။

တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ တိုင်းအထူးကွန်မံဒိုတပ်၏ အဓိကတာဝန်မှာ တိုင်းတွင်းမှာ လှည့်လည် တိုက်ပွဲဖော်ဆောင်ခြင်း၊ အခြားတိုင်း၊ ပြည်နယ်တို့နှင့် ပူးပေါင်းစစ်ရေးဖော်ဆောင်ခြင်းတို့ ဖြစ်ကြောင်း ပြောသည်။

“အထူး တိုက်ခိုက်ခြေမှုန်းရေးတပ်ပါ။ ဒီတပ် ပေါ်ပေါက်လာဖို့ ၂၀၂၂ ကတည်းက စတင်ပြင်ဆင်ခဲ့တာပါ။ ခုတော့ ရုပ်လုံး ပေါ်လာပါပြီ” ဟု ၎င်းက ပြောသည်။

ထိုတပ်၏ တပ်ခွဲတစ်ခုနှင့် ဆုံတွေ့ဆက်ဆံဖူးသော ထားဝယ်အရှေ့တောနယ်က ဒေသခံတစ်ဦးကမူ တိုင်းအထူးကွန်မန်ဒိုတပ်သားများသည် အခြင်းခြင်း စည်းလုံးညီညွတ်မှုရှိကြပြီး အမိန့်နာခံမှု အားကောင်းကြသည်ဟု မှတ်ချက်ပြုသည်။

“သူတို့အနေနဲ့ စစ်တိုက်ပြီးတိုင်း အဲဒီတိုက်ပွဲကြောင့် ပြည်သူတွေ ဆုံးရှုံးနစ်နာမှုရှိရင် အနူးအညွတ် တောင်းပန်တာမျိုး လုပ်ရင် ပိုကောင်းမယ်ဗျား” ဟု ၎င်း ဒေသခံ ရွာသားက ပြောသည်။

မည်သို့ဆိုစေ တနင်္သာရီတိုင်းသူ၊ တိုင်းသားတို့သည် အသစ်အဆန်း နှစ်ခု၏ တစ်ပြိုင်နက် မိတ်ဆက်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။

တစ်ခုက တိုင်းအထူးကွန်မန်ဒိုတပ်။ နောက်တစ်ခုက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု။

တိုင်းအတွင်း စစ်ရေးရေချိန်က လျှော့ကျသွားရန် လမ်းမမြင်သေး။

တိုင်းစစ်ဒေသခွဲ၊ ကွပ်ကဲရေးအဖွဲ့ကမူ လေကြောင်းရန် ကာကွယ်ရေးလုပ်ငန်းစဉ်များကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်အတိုင်း လိုက်နာလုပ်ဆောင်ကြရန်၊ လိုအပ်ပါက နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့သို့ ဆက်သွယ်အကူအညီရယူကြရန် တိုင်းသူတိုင်းသားများကို ပန်ကြား၊ ထုတ်ပြန်ထားသည်။

“တိုင်းသူ၊ တိုင်းသားတွေကတော့ ပေါ်ပေါက်လာမဲ့ လေကြောင်းရန်နဲ့ အခြားစစ်ရေးအခြေအနေတွေကို တွက်ဆပြီး ပြင်သင့်တာမှန်သမျှ ကြိုပြင်ထားကြဖို့ပါပဲ။ အဲလို ပြင်ဆင်ကြချိန်မှာ ကျနော်တို့ ရဲဘော်တွေက နိုင်တဲ့ဘက်က လုပ်အားပေးကြဖို့ အသင့်အနေအထား ရှိပါတယ်”ဟု ကွန်ကဲရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တနင်္သာရီတိုင်း အထူးကွန်မန်ဒိုတပ်၏စွမ်းဆောင်နိုင်မှုအပေါ် တနင်္သာရီစစ်ဒေသခွဲ ကွန်ကဲရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ၏ မှတ်ချက်က ရှင်းသည်။

“သူတို့ ဘာလုပ်နိုင်မလဲ ကြိုမပြောလိုပါဘူး။ သူတို့က အလုပ်နဲ့ သက်သေပြသွားပါလိမ့်မယ်”

ရဲဘော်ဂျေ

The Tanintharyi Times