မြန်မာရုပ်ရှင်ဇာတ်ကားကို ဝေဖန်သူ ကိုရှိုင်းထက်အောင် ဖမ်းဆီးခံရ

မြန်မာရုပ်ရှင်ဇာတ်ကားကို ဝေဖန်သူ ကိုရှိုင်းထက်အောင် ဖမ်းဆီးခံရ

မနက်ဖြန်(နိုဝင်ဘာ ၁ ရက်)မှာ ရုံတင် ပြသမယ့် မြန်မာရုပ်ရှင်ကားကို ဝေဖန်ခဲ့သူ ကိုရှိုင်းထက်အောင် (ခေါ်) ကိုဗွီးထက်ကူးမားကို ဖမ်းဆီးထားကြောင့် ဒီကနေ့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ကိုရှိုင်းထက်အောင်ဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လှုံ့ဆော်တာ ဝါဒဖြန့်တာ လုပ်ဆောင်ခဲ့တာပါဆိုပြီး ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။

လက်ရှိမှာတော့ Her Sal Yon Facebook အကောင့်ပိုင်ရှင် ကိုရှိုင်းထက်အောင်ကို ရန်ကုန်၊ လှိုင်မြို့မရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့လည်း ဆိုပါတယ်။

“ဂျစ်ကားစီးဖူးသလား ဂျားကစ် စာဘူးသရီး” လို့ နာမယ်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားရဲ့ ကြော်ငြာပိုစတာမှာ ဇာတ်ကားနာမယ်နဲ့ ရုပ်ရှင်ဇာတ်ကောင်တွေ ဝတ်ဆင်ထားတဲ့ အိန္ဒိယနွယ်ဖွား အဝတ်အစားတွေဟာ ဟိန္ဒူဘာသာရေးကို လှောင်ပြောင်ထားတဲ့ပုံစံ ဖြစ်နေတာကြောင့် Her Sal Yon Facebook အကောင့်ပိုင်ရှင် ကိုရှိုင်းထက်အောင်က ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ဒီပါဝလီ ဟိန္ဒူဘာသာရေးပွဲတော်နဲ့ အချိန်ကိုက်ပြသမယ့် ဒီရုပ်ရှင်ဇာတ်ကား နာမယ်ဟာ အိန္ဒိယနွယ်ဖွားတွေကို ခနဲ့သော ချိုးနှိမ်လိုသော အသုံးအနှုန်းတရပ်အား နိုင်ငံတဝှမ်း လူသိရှင်ကြား ကြေညာသလို ဖြစ်နေတယ်လို့ ကိုရှိုင်းထက်အောင်က အောက်တိုဘာ ၂၄ ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ် ဝေဖန်ရေးသားခဲ့ပါတယ်။

“ဆီမီးပူဇော်ပြီး အဖက်ဖက်က ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို ပြေပျောက်ဖို့ ဆုတောင်းမေတ္တာပို့ရမယ့်အချိန်မှာ အခုလို အကျည်းတန်လွန်းတဲ့ ပုံစံနဲ့ ထွက်လာတာကို မည်သို့မျှ လက်မခံနိုင်ပါ၊ နောက်တခုက အိန္ဒိယဝတ်စုံများမှာ သူ့ယဉ်ကျေးမှုနဲ့ သူ့မျိုးနွယ်စုတွေနဲ့သူ သီးသန့်ရှိပါတယ်၊ ခေတ်အဆက်ဆက် မျိုးနွယ်စု တစ်ခုချင်းစီကို ချိုးနှိမ်ပြီး ဟာသလုပ်ထားတဲ့ ဒီရုပ်ရှင်ကားကို ကျနော် စတင်ပြီ ကန့်ကွက်ပါတယ်” လို့ ကိုရှိုင်းထက်အောင်က ရေးသားထားပါတယ်။

အဲဒီနောက် အောက်တိုဘာ ၂၇ ရက်နေ့မှာ အရပ်ဝတ်နဲ့ လူတစုက ကိုရှိုင်းထက်အောင်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုကာ ကိုရှိုင်းထက်အောင် ပျောက်ဆုံးသွားပြီးနောက် ဒီကနေ့မှာတော့ စစ်ကောင်စီဘက်က သူ့ကို ဖမ်းဆီးထားကြောင်း ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

အဆိုပါ ရုပ်ရှင်ဟာ ဟိန္ဒူလူ့အဖွဲ့အစည်းကို ပျက်ရယ်ပြုကာ ဟာသဇာတ်ကားအဖြစ် သရုပ်ဖော်ထားတာကြောင့် အိန္ဒိယနွယ်ဖွားတွေရဲ့ ယဉ်ကျေးမှုကို နှိမ့်ချလှောင်ပြောင်ရုံသာမက ဟိန္ဒူလူမျိုးစုတွေကို တိုက်ရိုက်စော်ကားလိုက်ခြင်းဖြစ်တယ်လို့ မြန်မာဟိန္ဒူသမဂ္ဂ/မြန်မာဟိန္ဒူအစည်းအရုံးကလည်း အောက်တိုဘာ ၂၉ မှာ ထုတ်ပြန်ပါတယ်။

ဒီရုပ်ရှင်ကို ထုတ်လုပ်ဖြန့်ချိသူနဲ့ ခွင့်ပြုကြောင်း လက်မှတ်ရေးထိုးပေးခဲ့တဲ့ စစ်တပ်အလိုတော်ရိ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်ကိုလည်း တရားစွဲဆိုသွားမယ်လို့ မြန်မာဟိန္ဒူသမဂ္ဂ/မြန်မာဟိန္ဒူအစည်းအရုံးက ပြောဆိုပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် လွင်မိုး၊ ခန့်စည်သူ၊ ခိုင်သင်းကြည်၊ ရွှေမှုံရတီ၊ ခင်လှိုင်၊ ဒိန်းဒေါင်တို့ ပါဝင်ထားပြီး ယင်းသရုပ်ဆောင်တွေထဲမှာ စစ်ကောင်စီ ဝါဒဖြန့်ဇာတ်ကားတွေကို ရိုက်ကူးပေးနေသူတွေလည်း ပါဝင်နေပါတယ်။

The Tanintharyi Times