မောင်မယ်ရှောင်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် နေအိမ်တွေကို စစ်ကောင်စီတပ်မီးရှို့

မောင်မယ်ရှောင်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် နေအိမ်တွေကို စစ်ကောင်စီတပ်မီးရှို့

ပုံစာ - မောင်မယ်ရှောင်ရွာထဲက နေအိမ်တွေ မီးရှို့ခံနေရတဲ့မြင်ကွင်း (ပုံဟောင်း)

ထားဝယ်မြို့နယ်က မောင်မယ်ရှောင်ရွာမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် အနီးအနားက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးထပ်ရှို့ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီ‌နေ့မနက် ၁၀ နာရီလောက်မှာတော့ ရန်ကုန်-ထားဝယ်ကားလမ်းပေါ် မောင်မယ်‌ရှောင်ရွာထိပ်မှာရှိတဲ့ ဟားလီကွေ့လမ်းဆုံအနီးက နေအိမ်တွေကို မီးရှို့နေတာဖြစ်ပါတယ်။

“ကွမ်းတောနားကအိမ်တွေကိုရှို့နေတာ။ အဲဒီနားမှာ အိမ်ကောင်းတွေချည်းပဲ။ ဆောက်ပြီးခါစအိမ်တွေချည်းပဲ” လို့ တခြားနေရာမှာတိမ်းရှောင်နေတဲ့ မောင်မယ်ရှောင်ရွာခံတစ်ဦးကပြောပါတယ်။

ဒီနေ့ မွန်းလွဲပိုင်းမှာတော့ မီးခိုးတိတ်သွားပြီလို့ သိရပေမဲ့ အိမ်ဘယ်နှဆောင်မီးရှို့ခံရတယ်ဆိုတာကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ရက်ကတော့ အခုမီးရှို့ခံရတဲ့အိမ်တွေအနီးမှာ စစ်‌ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဆို့ သုံးနာရီကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲဟာ စစ်ကောင်စီတပ်သားတွေရှိနေတဲ့နေရာကို ပြည်သူ့ကာကွယ်တပ်တွေက အလစ်ဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေတပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေရဲ့ သေနတ်နဲ့ ခဲယမ်းတွေကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က သိမ်းမိခဲ့တယ်လို့ နီးစပ်သူရဲ့ပြောပြချက်အရသိရပါတယ်။

မောင်မယ်ရှောင်ရွာဟာ အခုနှစ်လယ်လောက်ကစလို့ စစ်ကောင်စီတပ်သားတွေက မကြာခဏစစ်ကြောင်းထိုးတာနဲ့ အထိုင်ချတပ်စွဲတာတွေပြုလုပ်ပြီး ရွာထဲကနေအိမ်တွေကို အကြိမ်ကြိမ် မီးရှို့နေတာပါ။

အဲဒါကြောင့် မောင်မယ်ရှောင်ရွာကဒေသခံတွေကလည်း အခုနှစ်လယ်လောက်ကစလို့ ရွာလုံးကျွတ် နေရပ်စွန့်ခွာနေရပါတယ်။

လွန်ခဲ့တဲ့ သုံးရက်ကလည်း သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာကို စစ်ကောင်စီစစ်ကြောင်းထိုးပြီး အရပ်သားတွေကိုဖမ်းဆီးကာ နေအိမ်နှစ်ဆောင်ထက်မနည်းကို မီးရှို့ခဲ့ပါသေးတယ်။

ဥတ္တူရွာကိုဝင်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ အခုလ ၂၉ ရက်နေ့ ညပိုင်းမှာတော့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပြီး ရွာထဲက ပြန်ထွက်ခွာသွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဥတ္တူရွာကိုစစ်ကြောင်းဝင်နေချိန် ရန်တောင်ရွာက အသက် ၃၀ ဝန်းကျင်အရွယ် ကိုထိုက်ဆိုသူကို ဖမ်းဆီးပြီး ပစ်သတ်ကာအလောင်းဖျောက်လိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အဲဒီဖြစ်စဥ်အပေါ်မှာ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

လက်ရှိမှာတော့ သရက်ချောင်းမြို့နယ်က သရက်နှစ်ခွရွာတစ်ဝိုက်မှာ စစ်ကောင်စီတပ်သား အင်အား ၈၀ လောက်အထိ ဆက်ရှိနေတယ်လို့ သေခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အလားတူ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသက ပကာရီကျေးရွာကိုရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့်ကလည်း စစ်ကြောင်းနှစ်ကြောင်းခွဲပြီး အနီးအနားတစ်ဝိုက်မှာစစ်ကြောင်းထိုးနေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

The Tanintharyi Times