တနင်္သာရီမြို့နယ်မှာ လေးရက်အတွင်း အိမ်သုံးဆောင်ပြိုကျ
တနင်္သာရီမြို့နယ်မှာ လေးရက်အတွင်း အိမ်သုံးဆောင်ပြိုကျ
ရေလွှမ်းတာ တစ်ပတ်လောက်ရှိနေပြီဖြစ်တဲ့ တနင်္သာရီမြို့နယ်က ကျေးရွာအချို့မှာ လေးရက်အတွင်း နေအိမ်သုံးဆောင် ပြိုကျခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မနေ့က ဇူလိုင် ၃၀ ရက်၊ မနက်ပိုင်းမှာ တနင်္သာရီမြို့နယ်၊ ဗောဓိကမ်းကျေးရွာက လူနေအိမ်နှစ်ဆောင် ပြိုကျပျက်စီးခဲ့တယ်လို့ အဲဒီရွာကဒေသခံတွေကပြောပါတယ်။
ဗောဓိကမ်းရွာက မြစ်ကမ်းနံဘေးမှာရှိတဲ့ မနီးမဝေး ပျဥ်ထောင်အိမ်နှစ်ဆောင်ပြိုကျပျက်စီးခဲ့တာဖြစ်ပြီး လူထိခိုက်မှုမရှိခဲ့ဘူးလို့ ဒေသခံတွေကဆိုပါတယ်။
“ ရေမြုပ်ပြီးမြေပျော့လာတော့ တဖြေဖြေးယိုင်ပြီးလဲကျသွားတာဗျ။ ပြိုသွားတဲ့အိမ်တွေကတော့ လူမနေကြတော့ဘူး။ မြေနိမ့်ပိုင်းကဆိုတော့ ကြိုပြီးရွှေ့ထားပြီးသားဗျ” လို့ ဗောဓိကမ်းရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်ကလည်း မိုးသစ်ရွာက ဝါးနဲ့ဆောက်ထားတဲ့ နေအိမ်တစ်ဆောင် ရေစီးနဲ့ မျောပါသွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အိမ်ပျက်စီးသွားတာကြောင့် အဲဒီအိမ်မှာနေထိုင်တဲ့ မိသားစုဝင်တွေ ရွာထဲကတခြားအိမ်မှာ ပစ္စည်းတွေပြောင်းရွှေ့ပြီးနေထိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရေစီးကြမ်းပြီး အိမ်ကပြိုတော့မယ်မှန်းသိနေတော့ ကြိုရွှေ့လိုက်နိုင်တယ်။ ပစ္စည်းတချို့သိမ်းလိုက်နိုင်တယ်ပေါ့။” လို့ မိုးသစ်ရွာဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
တနင်္သာရီမြို့နယ်က နေရာအတော်များများမှာ ရေဘေးအန္တရာယ်ကြုံတွေ့နေကြရလို့ ဒေသခံတွေအနေနဲ့ ကုန်းမြင့်ပိုင်းတွေမှာ ပြောင်းရွှေ့နေထိုင်နေကြရပြီး နေရာထိုင်ခင်းအခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ လမ်းခရီးပိတ်ဆို့ထားတွေကြောင့် လိုအပ်တဲ့ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးအကူအညီတွေကို လုံလောက်စွာမရရှိကြဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။
တနင်္သာရီမြို့နယ်အပြင် လေပြင်းတိုက်တာတွေကြောင့် ဇူလိုင်လ ၂၇ ရက်က မြိတ်မြို့၊ ကျွဲကူကျေးရွာ၊ စာသင်ကျောင်းထဲက အဆောက်အအုံတစ်ခုလည်း ပြိုကျပျက်စီးခဲ့တယ်လို့ ရွာခံတွေဆီကသိရပါတယ်။
တနင်္သာရီတိုင်းမှာ မိုးအဆက်မပြတ်ရွာသွန်းနေလို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်ကစလို့ တနင်္သာရီ၊ လောင်းလုံး၊ သရက်ချောင်း၊ ထားဝယ်နဲ့ ရေဖြူမြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။
The Tanintharyi Times