ဟိန္ဒားရွာက သတ္တုတွင်းဌာနပိုင်ဧည့်ရိပ်သာကို ကော်သူးလေတပ်မတော်က သိန်းတစ်ရာနဲ့ရောင်းချနေ
ဟိန္ဒားရွာက သတ္တုတွင်းဌာနပိုင်ဧည့်ရိပ်သာကို ကော်သူးလေတပ်မတော်က သိန်းတစ်ရာနဲ့ရောင်းချနေ

ထားဝယ်အရှေ့တောဒေသ ဟိန္ဒားရွာမှာရှိတဲ့ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းပိုင် ဧည့်ရိပ်သာအဆောက်အအုံကို ကော်သူးလေတပ်မတော် KTLA တပ်ခွဲတစ်ခုက သိန်းတစ်ရာနဲ့ ရောင်းချနေတယ်လို့ ရွာခံတွေက ပြောပါတယ်။
အဲဒီအဆောက်အအုံဟာ ဟိန္ဒားရွာထိပ်ပိုင်းမှာရှိပြီး ခေတ်အဆက်ဆက် အစိုးရသတ္တုတွင်းလုပ်ငန်း ကတာဝန်ရှိသူတွေ မိုင်းလုပ်ငန်းကတာဝန်ရှိသူတွေ လာရောက်တည်းခိုနေထိုင်တဲ့ နေရာဖြစ်တယ်လို့ ရွာခံတွေက ဆိုပါတယ်။
ရွာခံတွေရဲ့ အဆိုအရ အဲဒီအဆောက်အအုံတွေဟာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်က အမှတ် (၂) သတ္တုတွင်းလုပ်ငန်းပိုင် အဆောက်အအုံတွေဖြစ်ပါတယ်။
ကော်သူးလေတပ်မတော်ရဲဘော်တွေကတော့ အခုလအတွင်းမှာ ဧည့်ရိပ်သာကို ကျပ်သိန်း ၁၀၀၊ နဘေးကအဆောင်တစ်ခုကိုတော့ ကျပ် ၂၅ သိန်းတို့နဲ့ စျေးဖြတ်ပြီး ရောင်းချနေတာလို့ ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အခုလက်ရှိမှာ ကျပ်သိန်း ၁၀၀ သတ်မှတ်ထားတဲ့ ဧည့်ရိပ်သာကိုဝယ်တဲ့သူမရှိသေးပေမဲ့ နဘေးကအဆောင်ကတော့ ရောင်းထွက်သွားတာကြောင့် အမိုးနဲ့ နံရံတွေကို ဖျက်ချနေပြီလို့ ရွာခံတွေက ဆိုပါတယ်။
“မိုင်းလုပ်ငန်းကမန်နေဂျာတွေနေတဲ့ဆောင်ကိုဖျက်ချနေပြီ။ အဆောင်လိုက် ပုဒ်ပြတ်ရောင်းပစ်နေတာ။ မြေမပါဘူး။ လိုတဲ့လူကဝယ်ပြီးရင် ကိုယ့်ဘာသာဖျက်ချပြီး သယ်ပေါ့။ အထဲမှာက ပစ္စည်းကောင်းတွေချည်းပဲ” လို့ ဟိန္ဒားရွာခံတစ်ဦးက ပြောပါတယ်။
ကော်သူးလေတပ်မတော်ဘက်ကရောင်းချတဲ့အထဲ အဆောင်နဲ့ အတွင်းကပရိဘောဂပစ္စည်းတွေအားလုံးပါပြီး သူတို့နဲ့နီးစပ်တဲ့ ဒေသခံတွေက ပြန်လည်ဝယ်ယူနေကြတာလို့ ရွာခံကဆက်ပြောပါတယ်။
အဲဒီလိုရောင်းချနေတာနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ ထားဝယ်ခရိုင်မှာအခြေစိုက်ထားတဲ့ ကော်သူးလေတပ်မတော် ဆာကပေါတပ်ရင်းကို စာနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာမျိုးမရှိပါဘူး။
ဟိန္ဒားရွာခံတွေကတော့ ရွာထဲမှာရှိတဲ့ အဆောက်အအုံတွေကို အခုလိုစိတ်ကြိုက်ရောင်းချနေတာဟာ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။
“တစ်ခုပြီးတစ်ခုရောင်းစားနေတာကိုတော့ ဘယ်သူမှသဘောမကျဘူး။ မပြောရဲတာပဲရှိတယ်” လို့ နောက်ထပ် ရွာခံတစ်ဦးက ပြောပါတယ်။
အခုနှစ် နှစ်လယ်ပိုင်းလောက်ကစပြီး ဟိန္ဒားရွာက ခဲသတ္တုလုပ်ပိုင်ခွင့်ရတဲ့ကုမ္ပဏီကို ငှားရမ်းလေ့ရှိတဲ့ အစိုးရပိုင်နဲ့ အရင်ကလုပ်ပိုင်ခွင့်ရခဲ့တဲ့ မြန်မာပွန်ပီပက် (MPC)ကုမ္ပဏီပိုင် အဆောက်အအုံတွေကိုလည်း ကော်သူးလေတပ်မတော်ရဲ့ တပ်ခွဲတစ်ခုက ရောင်းချခဲ့ပါသေးတယ်။
အဲဒီအကြောင်းကိုလည်း တနင်္သာရီတိုင်းမ်က သတင်းရေးသားဖော်ပြခဲ့ဖူးပါတယ်။ သတင်းဖော်ပြပြီးနောက်မှာလည်း အဆောက်အအုံကို ဖျက်ပြီးရောင်းချတာတွေ ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် ကော်သူးလေတပ်မတော်ဘက်က အခွန်ကောက်ခံပြီးခွင့်ပြုပေးခဲ့တဲ့ ခဲသတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် ရွာအဝင်လမ်းလည်းပျက်စီးသွားတဲ့ အဲဒီအပေါ်မှာလည်း ဟိန္ဒားရွာခံတွေက မကျေမနပ်ကြပေမဲ့ ကန့်ကွက်ပြောဆိုတာမျိုး မလုပ်ရဲကြတဲ့အခြေအနေဖြစ်နေတယ်လို့လည်း ကာယကံရှင်တွေက ဆိုပါတယ်။
The Tanintharyi Times