လေကြောင်းနဲ့ ထပ်တိုက်ခိုက်လို့ မန္တလေး PDF ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း ၄ ဦးသေဆုံးပြန်

လေကြောင်းနဲ့ ထပ်တိုက်ခိုက်လို့ မန္တလေး PDF ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း ၄ ဦးသေဆုံးပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးရဲ့ စစ်သုံ့ပန်းထားရှိတဲ့ အချုပ်ဆောင်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့လို့ ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်သုံ့ပန်း တွေထပ်ပြီးသေဆုံးခဲ့တယ်လို့ MDY-PDF က ထုတ်ပြန်ပါတယ်။

ဒီကနေ့ မနက် ၁ နာရီမှာ MDY-PDF ရဲ့ အချုပ်ဆောင်ကို လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် စစ်သုံ့ပန်း ၄ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တာပါ။

အောက်တိုဘာ ၂၈ ရက် ညနေကလည်း MDY-PDF က စစ်ဆင်ရေးတွေအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို ထိန်းသိမ်းထားတဲ့ အချုပ်ဆောင်ကို ဗုံးကြဲခဲ့တာကြောင့် စစ်သုံ့ပန်းဖြစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးနဲ့ စစ်ဆေးနေဆဲ သံသယတရားခံ ၄ ဦးတို့ သေဆုံးခဲ့ပါတယ်။

ဒီကနေ့ သေဆုံးသွားတဲ့ စစ်သုံ့ပန်းတွေကတော့ စခတ (၂)၊ (၇) မိုင်က ဗိုလ်မှူး နေဝင်း၊ စခတ (၂) ၊ သပိတ်ကျင်းက တပ်ကြပ် ကိုကိုအောင်၊ အမတ (၃၁၉) ၊ မိတ္ထီလာက တပ်ကြပ်ကြီး/စရ အောင်လွင်၊ ပျူစောထီးအဖွဲ့ဝင် ဂျော်နီအောင် တို့ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရတဲ့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး အခု ၂ ရက်တာအတွင်း သေဆုံးသူ ၁၆ ဦးအထိ ရှိလာပြီလို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၆၀ ကျော် ရှိသွားပြီး MDY-PDF ဘက်က ဆေးကုသမှု ပေးနေတယ်လို့လည်း ဆိုပါတယ်။

The Tanintharyi Times